Home
ဆောင်းပါး
ပေတရာလမ်းပေါ်မှာ ပန်းတွေ အဓိပ္ပာယ်မဲ့ မကြွေလွင့်စေဖို့
DVB
·
July 24, 2018
လောက လူမှုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်လှပရေး ပန်းတွေပွင့်ဖို့ဆိုတာ လိုအပ်ပါတယ်။ ပန်းဆိုတာဟာလည်း သင်္ခါရတရားအောက် တနေ့ ကြွေလွင့်သွားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ပန်းတွေမှာ အရောင်စုံကြတယ်။ အနံ့စုံကြတယ်။ တကယ်တော့ လောကကို အလှဆင်ခြင်းနဲ့ အကျည်းတန်စေခြင်းမှာ သက်မယ့်ပန်းကလေးတွေထက် သက်ရှိပန်းတွေအပေါ်မှာ တာဝန်က အပြည့်ပင် မဟုတ်လား။ ကျနော်ဆိုလိုချင်တဲ့ သက်ရှိပန်းတွေဆိုတာ လူသားတွေပဲ ဖြစ်ပါတယ်။ ကလေးမြို့လေးဟာ တနှစ်ထက်တနှစ် လူဦးရေ များပြားထူထပ်လာတယ်။ အဲဒီတော့ လူမှုအသုံးအဆောင် စက်ယန္တရားတွေကလည်း တိုးလာတယ်။ အဲဒီအထဲမှာ ဆိုင်ကယ်နဲ့ ကားတွေပေါ့။ ဒါတွေက တိုးတက်ခြင်းတွေပါပဲ။ ဒါပေမယ့် အဲဒီ တိုးတက်ခြင်းရဲ့ နောက်ကွယ်မှာ တနှစ်ကို ဆယ်ဂဏန်းကျော်တဲ့ အသက်တွေကို ပေတရာလမ်းပေါ်မှာ ခြွေပစ်တာ ခံလိုက်ရတယ်။ အဲဒါကတော့ အက်ဆီးဒင့်ကြောင့် သေဆုံးသွားရသူတွေ ဒဏ်ရာ အပြင်းအထန် ရရှိသွားသူတွေပါပဲ။ ကလေးမြို့လေးဟာ လူဦးရေ များပြားလာတာနဲ့အမျှ ယာဉ်ကြောင့်ဖြစ်တဲ့ အက်စီးဒင့်တွေဟာ မကြာခဏဆိုသလို ဖြစ်ပေါ်နေပါတယ်။ ဒါတွေက ဘာကြောင့်လဲ။ ဒီလိုမဖြစ်အောင် ကျနော်တို့ ဘယ်လိုကာကွယ်ကြရမလဲ။ ဒါကလည်း စုပေါင်းတွက်ချရမယ့် ပုစ္ဆာတပုဒ် ဖြစ်လာပါတယ်။ “ခု အက်စီးဒင့်တွေ မဖြစ်အောင် သက်ဆိုင်ရာက ပညာပေးလုပ်ငန်းတွေ လုပ်တယ်။ ကျောင်းတွေ ရပ်ကွက်တွေ ရွာတွေမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ပြည်သူတွေ နားလည်အောင် သက်ဆိုင်ရာ ဌာနတွေက ပညာပေးဟောပြောမှုတွေ လုပ်တယ်။ ဒါပေမယ့် ဒါက သိပ်မထိရောက်သလို ဖြစ်နေတယ်။ ဒီတော့ အဲဒီလိုလုပ်ငန်းတွေမှာ ဌာနဆိုင်ရာတွေသာမက ပြည်သူတွေပါ ပါဝင်သင့်တယ်။ နောက်ပြီး အရပ်ဘက် အဖွဲ့အစည်းတွေကလည်း တတ်နိုင်သမျှ ကူညီဖို့ လိုအပ်လာပါတယ်” လို့ ကလေးမြို့ခံ ကိုအောင်ဝင်းသူက ဆိုပါတယ်။ ကလေးမြို့မှာ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးဌာနနဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ တတ်နိုင်သမျှ အဆက်မပြတ် ပညာပေးဟောပြောမှုတွေ လုပ်နေပါတယ်။ ယခုဆိုလျှင် ၂ဝ၁၈ နှစ်ဝက်အတွင်း ၃၄ ကြိမ်ထိ ဆောင်ရွက်ခဲ့နိုင်ပြီ ဖြစ်တယ်လို့လည်း ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ “ပညာပေးလုပ်ငန်းတွေကလည်း လိုအပ်ပါတယ်။ အဓိက ကျောင်းတွေမှာ ကောင်းတယ်။ ဘာလို့လဲဆိုတော့ ဖြစ်တာက လူလတ်ပိုင်းတွေ အဖြစ်များတယ်။ ဖြစ်ပြီဆို ကျနော်တို့ လူနာသွားတင်တိုင်း လူလတ်တွေပါပဲ။ ပညာပေးမှုတွေမှာ ခံယူသူကလည်း လိုက်နာဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ ပညာပေးလုပ်တာဟာ အမှား အမှန်လောက်တော့ သိရတယ်” လို့ ကလေးမြို့ ကာယကံ မေတ္တာနာမှုကူညီသူများအဖွဲ့က ကိုဆောင်းသက်လယ်က ပြောပါတယ်။ အဓိကအားဖြင့် ကလေးမြို့လေးမှာ ဆိုင်ကယ်နဲ့ ယာဉ်မောင်းသူ အများအပြားဟာ ယာဉ်မောင်းလိုင်စင်မရှိသူ များနေပြီး ၂ဝ၁၈ ခုနှစ်အတွင်း ပထမခြောက်လမှာပင် အက်စီးဒင့်ကြောင့် သေဆုံးသူ ၄၄ ဦးအထိ ရှိခဲ့ပြီလို့လည်း ကလေးခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးထံက သိရပါတယ်။ ၂ဝ၁၈ ပထမ ၆ လအတွင်း ယာဉ်နဲ့ပတ်သက်ပြီး အမှုပေါင်း ၈၉ မှုထိ ရှိခဲ့ပြီး ဒဏ်ရာရသူအနေနဲ့လည်း ၁ဝ၂ ဦးထိ ရှိခဲ့ပါတယ်။ ကလေးမြို့ ယာဉ်ထိန်းတပ်ဖွဲ့ အနေနဲ့လည်း နေ့စဉ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးမှု အရေးမှုတွေ ပြုလုပ်နေပြီး ကား၊ ဆိုင်ကယ်၊ သုံးဘီး အပါအဝင် အရေးယူမှုတွေဟာ တလထက်တလ များပြားလာနေပြီး ၂ဝ၁၈ ပထမ ၆ လပတ်အတွင်းမှာပဲ စုပေါင်း ၆၉၂ မှုထိ အရေးယူထားတယ်လို့ သိရပါတယ်။ “ဥပဒေပြုထားတဲ့ ဆိုင်ကယ်ဦးထုပ် မဆောင်းရင် ဒဏ်ငွေ ၃ဝဝဝဝ ဆောင်ခိုင်းတာ များတယ်။ ဒါပေမယ့် ရိုက်လည်း ရိုက်သင့်တယ်။ သုံးသောင်းပေးရပေမယ့် လိုက်နာမှု မရှိတာတွေ များတယ်။ အချို့လည်း ဒဏ်ရိုက်ခံရလို့ အခက်အခဲ ဖြစ်ကြတယ်။ သူများဆိုင်ကယ် ငှားစီးမိပြီး ဒဏ်ရိုက်ခံရရင် ပိုဆိုးတယ်။ ဒါကြောင့် အနည်းဆုံးတော့ ဆိုင်ကယ်မောင်းမယ်ဆို ဦးထုပ်ဆောင်းသင့်ပါတယ်။ အများအားဖြင့်တော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း နားမလည်ကြဘူး” လို့လည်း ကလေးဒေသခံ ဦးမောင်လှက ပြောပါတယ်။ ကလေးမြို့မှာ နေ့စဉ်နီးပါး အက်စီးဒင့်ဖြစ်ပေါ်နေသလို ယာဉ်လမ်းနဲ့ ပတ်သက်ပြီးလည်း ဒဏ်ဆောင်ရတာတွေက များပြားလှတာကို တွေ့ရပါတယ်။ ဒါတွေအတွက် ပြည်သူတွေအနေနဲ့လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာကြဖို့နဲ့ သတ်မှတ်ယာဉ်လိုင်စင်တွေ လုပ်ဆောင်မှသာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို သိကြမှာဖြစ်လို့ ယာဉ်မောင်းလိုင်စင်တွေလည်း ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ်။ ယာဉ်မောင်းလိုင်စင်တွေအနေနဲ့ ကလေးမြို့ ကညနမှာ လစဉ် ပထမပတ် အင်္ဂါနေ့တိုင်း ယာဉ်မောင်းလိုင်စင်တွေကို ဆောင်ရွက်ပေးနေပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းတွေကိုလည်း အခြားနယ်မှာ ပြုလုပ်ခဲ့တဲ့ လိုင်စင်တွေကိုပါ အလွယ်တကူ သက်တမ်းတိုးဆောင်ရွက်မှု ပြုလုပ်ပေးနေတာကို တွေ့ရပါတယ်။ ကလေးမြို့ ကညနအနေနဲ့ ၂ဝ၁၈ ခုနှစ် ပထမ ၆ လအတွင်း ယာဉ်မောင်းလိုင်စင် အစုံ စုစုပေါင်း ၇၅၄၆၆ ခုနဲ့ စပါယ်ယာလိုင်စင် ၈၈၈ ခုတို့ကို ဆောင်ရွက်ပေးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ “ဒဏ်ရိုက်တယ်ဆိုတာ သိပ်မထိရောက်တဲ့ပုံ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒဏ်ရိုက်ခံရတဲ့သူတွေဟာ စခန်းသွားပြီးရင် တရားရုံးမှာ ဒဏ်ငွေဆောင် ပြန်လာခဲ့ရုံပဲ ဖြစ်နေတယ်။ သူတို့ဒဏ်ငွေသာ ဆောင်တယ်။ ပြီးရင် ပြီးသွားတယ်။ အဲဒါကို ဘယ်လို လုပ်သင့်လဲ ဆိုတော့ ဥပမာ တရားရုံးမှာ သူတို့ဒဏ်ကြေးကို တန်းမဆောင်ခိုင်းဘဲ ညနေ ရုံးဆင်းခါနီးအချိန်ကို တစုတည်း ဆောင်ခိုင်းသင့်တယ်။ သူတို့ တရားရုံးမှာ ဒဏ်ဆောင်ဖို့ စောင့်နေတုန်းမှာ သက်ဆိုင်ရာ ဌာနတွေက ပညာပေးဟောပြောမှုတွေ လုပ်ပေးသင့်တယ်။ အဲဒီအခါမှ သူတို့ ဘာလို့ ဒဏ်ငွေဆောင်ရတယ်။ ဘာလုပ်ရင် ဘယ်လိုထိ အရေးယူခံရမယ် ဆိုတဲ့အသိတွေ သူတို့ဦးနှောက်ထဲ ရောက်သွားမယ်။ ဒါက ပိုထိရောက်မယ်လို့ ထင်ပါတယ်” လို့လည်း ဇလပ်ခိုင် ကားအသင်းက ကိုသန်းနိုင်ဦးက ပြောပါတယ်။ ကလေးမြို့ဟာ လမ်းတွေအနေနဲ့လည်း ယခင်ကထက် ချဲ့ထွင်မှု ပြုလုပ်နေပြီး ကောင်းမွန်တဲ့လမ်းတွေလည်း ဖြစ်လာတဲ့အလျောက် ယာဉ်မဆင်မခြင် မောင်းနှင်မှုတွေကလည်း များပြားလာတာ တွေ့ရပါတယ်။ မီးပွိုင့်တွေမှာ တည့်ယာဉ် ဦးစားမပေးတာတွေ၊ မီးပွိုင့်မှာ သွားရမယ့်ဘက်ကို နေရာယူမှားတာတွေ တွေ့ရပြီး ကလေးမြို့ မီးပွိုင့်တိုင်းမှာ အကွေ့ အလွတ်ကြောပေးထားတာ မရှိပေမယ့် မီးနီကို ကွေ့သူတွေကလည်း ဒုနဲ့ဒေး စိတ်ပျက်ဖွယ်ရာ တွေ့နေရပါတယ်။ “ဌာနဆိုင်ရာက ပညာပေးလာပါတယ်။ ကားကွင်းကိုပေါ့။ ဒါပေမယ့် ကားဆရာတွေ မရှိဘူး။ အဲမှာ ဂိတ်ဝန်ထမ်းတွေ တက်နားထောင်တယ်။ မှတ်တမ်းတင် ဓာတ်ပုံရိုက်တယ်။ ဒါလောက်နဲ့တော့ သိပ်ခရီးမရောက်ဘူး” လို့လည်း ကိုသက်နိုင်ဦးက ဆက်ပြီး ပြောပါတယ်။ ဒေသခံတွေအနေနဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ကုန်တင်ကားကြီးတွေ မရှိစေချင်ကြပါဘူး။ ဒါ့အတွက်လည်း စည်ပင်သာယာရေးအနေနဲ့ ကုန်ကားကြီးကွင်းကို ရှာဖွေနေပြီး မြို့တွင်း ကုန်ဖြန့်ရာမှာ ကုန်ကဲ့ဖို့အတွက်လည်း ကုန်ကားကြီးတွေအနေနဲ့ အခက်အခဲ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ “ဌာနဆိုင်ရာက ပညာပေးလာပါတယ်။ ကားကွင်းကိုပေါ့။ ဒါပေမယ့် ကားဆရာတွေ မရှိဘူး။ အဲ့မှာ ဂိတ်ဝန်ထမ်းတွေ တက်နားထောင်တယ်။ မှတ်တမ်းတင် ဓာတ်ပုံရိုက်တယ်။ ဒါလောက်နဲ့တော့ သိပ်ခရီးမရောက်ဘူး။ ကုန်တင်ကားကြီးတွေအတွက်က စည်ပင်နဲ့ ထွေအုပ်က အများကြီး ဆိုင်တယ်။ ထွေအုပ်က (၁၄၄) ထုတ်ရမယ်၊ ဒီလမ်း မဝင်ရ၊ မဖြတ်ရ စသဖြင့်ပေါ့။ နောက်ပြီး မဝင်ရ၊ မဖြတ်ရ လမ်းတွေကိုလည်း ထင်ရှားတဲ့ အမှတ်အသားတွေ လုပ်ပေးသင့်တယ်။ နောက်ပြီး လမ်းသွယ်တွေမှာလည်း လမ်းအညွှန်းဆိုင်းဘုတ်တွေ မြင်သာအောင် ထားပေးသင့်တယ်။ ဒါမှလည်း ဒီမှာ အထွက်လမ်းရှိတယ်ဆိုပြီး ယာဉ်မောင်းရာမှာ ဂရုစိုက်မှုတွေ ပိုမိုလာမယ်” လို့လည်း ကိုသန်းနိုင်ဦးက ဆိုပါတယ်။ တချို့ဒေသခံတွေကလည်း ကလေးမြို့မှာ အက်စီးဒင့် အဖြစ်များမှုတွေနဲ့ ပတ်သက်ပြီး လမ်းကျယ်လာတာနဲ့အမျှ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်ကို လမ်းခွဲ သတ်မှတ်မောင်းနှင်ဖို့ သက်ဆိုင်ရာက ဆောင်ရွက်ပေးသင့်ပြီလို့ အကြံပြုနေကြပြီး မီးပွိုင့်တွေမှာလည်း လမ်းအညွှန်းမြားတွေကို ရေးဆွဲထားဖို့ပါ လိုအပ်နေတာကို တွေ့ရပါတယ်။ လမ်းစည်းကမ်း ယာဉ်စည်းကမ်းနဲ့ အရေးယူတဲ့အခါမှာ အများအားဖြင့် ဒဏ်ရိုက်မှုတွေမှာ ဆိုင်ကယ်ဦးထုပ် မဆောင်းသူတွေကို တရားရုံးက သုံးသောင်းအထိ ပြစ်ဒဏ်အပြည့် ဒဏ်ရိုက်ပေမယ့် ဖြစ်လိုက်ရင် အသေအဆုံးများတဲ့ မော်တော်ကားတွေကို ဒဏ်ရိုက်တဲ့အခါမှာ ပုဒ်မ ၅၈(က) အရ ထောင်ဒဏ် ၁ လထက် မပိုသော၊ ဒဏ်ငွေ ၅ဝဝဝဝ ထက် မပိုသောလို့ ဆိုထားပေမယ့် ငွေကျပ် (၁၅ဝဝ) သာ ဒဏ်ရိုက်မှု ပြုလုပ်တာတွေ ရှိနေတာကြောင့်လည်း မော်တော်ယာဉ်တွေကလည်း ဒဏ်ကြေးကို သိပ်အလေးမထားကြဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ကလေးမြို့လေးအနေနဲ့ ဘာပဲပြောပြော အက်စီးဒင့်ဖြစ်မှုတွေ များပြားလာတာကို လျော့ကျလာစေရေး၊ ပြည်သူတွေ အသက်မဆုံးရှုံးစေရေး၊ အစိုးရ ဌာနဆိုင်ရာတွေဘက်မှာ တာဝန်ရှိသလို ပြည်သူတွေအနေနဲ့လည်း စည်းကမ်းရှိကြဖို့နဲ့ စည်းကမ်းသိကြဖို့ အထူးလိုအပ်နေပါတယ်။ ဒါကြောင့် လောကကို အလှဆင်နေတဲ့ လူ့အသက်ဆိုတဲ့ ပန်းကလေးတွေ ပေတရာပေါ်မှာ အဓိပ္ပာယ်မဲ့ မကြွေလွင့်စေရေး ဒီဆောင်းပါးနဲ့ အသိပေး တင်ပြလိုက်ရပါတယ်။ တကယ်တော့ လူဆိုတာ လူလို သေခွင့်ရရေးဟာလည်း အရေးကြီးတဲ့အချက် မဟုတ်ပါလား။     ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024