၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်းလောင်းလှူပွဲ ပြုလုပ်
DVB
·
July 19, 2012
၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သံယာတော်အရှင်သူမြတ်တွေကို ဘုံအရုဏ်ဆွမ်းလောင်းလှူပွဲ ပြုလုပ်ခဲ့ပါတယ်။
[caption id="attachment_28141" align="alignright" width="300" caption="မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များ ဆွမ်းလောင်းနေစဉ်"]
[/caption]
၈၅ လမ်း၊ ၃၄-၃၅ လမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေက ဦးစီးပြီး ဒီနေ့ မနက် ၅ နာရီမှာ သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့တာပါ။
မျိုးဆက်သစ် လူငယ်တွေကို အာဇာနည်နေ့ အကြောင်း သတိပြုစိတ်ဝင်စားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ ဦးဆောင်ပြီး ဒီဆွမ်းလောင်းပွဲ ပြုလုပ်ခဲ့တာလို့ ကိုဇော်ဇော်အောင်က ပြောပါတယ်။
“အမျိုးသားခေါင်းဆောင်ကြီးအပေါ်မှာ လူငယ်ထုတရပ်လုံးက အားကျဂုဏ်ယူတဲ့ စိတ်ဓာတ်၊ ဒီစိတ်ဓာတ်တွေ ရှင်သန်ကြီးထွားလာဖို့ လိုပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေကလည်း ဒီလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးတရားကို သေချာ ထာဝရ ဦးထိပ်ပန်ဆင်ပြီး ကျနော်တို့ လူငယ်ထုတရပ်လုံးက လုပ်ဖို့လိုတယ်။”
ပြည်သူတွေရဲ နှလုံးသားထဲမှာလည်း ဗိုလ်ချုပ်အောင်ဆန်းဟာ အမြဲတမ်းထာဝရ ရှင်သန်နေတယ်လို့ ဆိုပါတယ်။
“အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို မည်သို့ပင် မှေးမှိန်အောင် ပြုလုပ်ထားသောငြားလည်း ပြည်သူလူထုရဲ့ဆန္ဒ ပြည်သူလူထုရဲ့ နှလုံးသားထဲမှာ ဗိုလ်ချုပ်ဆိုတဲ့ ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီးကို အမြဲတမ်းထာဝရ ရှင်သန်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။”
ဘုံအရုဏ်ဆွမ်းလောင်းလှူပွဲမှာ ဆွမ်း၊ ဆန်နဲ့ ဟင်းတွေအပြင် ကြွရောက်ဆွမ်းခံတဲ့ သံဃာတော်တပါးချင်းကိုလည်း အလှူငွေဆည်းကပ်လှူဒါန်းပါတယ်။
နှစ်ပေါင်း ၂၀ ကျော် အာဇာနည်နေ့ အခမ်းအနားတွေကို အရင်အစိုးရက မှေးမှေးမှိန်မှိန်ကျင်းပခဲ့ပြီး အခုနှစ်မှာတော့ နိုင်ငံတော်အခမ်းအနားအနေနဲ့ ကျင်းပခဲ့ပါတယ်။ လူထုတွေကြားမှာလည်း ဒီနှစ်အာဇာနည်နေ့ အခမ်းအနားတွေ ဟာ အရင်နှစ်တွေကထက် ပိုမိုစိတ်ဝင်စားတာတွေ့ရပါတယ်။
