Home
မြန်မာသတင်း
တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်မှု ငြိမ်းချမ်းရေးကို အလွဲသုံးစားလုပ်ခြင်းဖြစ်ဟု KNU/ KNLA-PC ပြော
DVB
·
July 22, 2018
KNU/KNLA-PC အမှတ် ၇ဝ၉ တပ်ရင်းမှ ဗိုလ်မှူးစောဒွေးအောင် ဦးစီးတပ်ဖွဲ့ဝင် ၂၃ ဦးက အဖွဲ့ခွဲပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်သွားတာဟာ ငြိမ်းချမ်းရေးကို အလွဲသုံးစားလုပ်တာလို့ KNU/ KNLA-PC၊ တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။ ဗိုလ်မှူး စောဒွေးအောင်အနေနဲ့ ပြဿနာရင်ဆိုင်ဖြေရှင်းနေချိန်မှာ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ပြီး အကာအကွယ်ယူတာ ငြိမ်းချမ်းရေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သလို ငြိမ်းချမ်းရေးကို အလွဲသုံးစားလုပ်သွားတာလို့ ဇူလိုင် ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲက ဘားအံမြို့၊ ပါရာဒိုက်ဟိုတယ်မှာ KNU/ KNLA-PC၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောဆိုလိုက်တာပါ။ ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီက ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တပ်မ ၂၂ လက်အောက်ခံ အမှတ် ၂ဝ၂ ခြေမြန်တပ်ရင်း၊ မြိုင်ကလေးကျေးရွာရှိ အမှတ် ၂ဝ၅ ခြေမြန်တပ်ရင်း၊ အမှတ် ၂ဝ၆ ခြေမြန်တပ်ရင်းတွေမှာ KNU/KNLA-PC အမှတ် ၇ဝ၉ တပ်ရင်းမှ ဗိုလ်မှူးစောဒွေးအောင် ဦးစီးတပ်ဖွဲ့ဝင် ၂၃ ဦးက အဖွဲ့ခွဲပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်သွားတာနဲ့ပတ်​သက်​ပြီး ​ပြောပါတယ်​။ ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ပြောစရာ ပြောချင်စရာတွေကတော့ ရှိပါတယ်။ ဒီဖြစ်စဉ်ကတော့ မှန်ပါတယ်။ ဒါပေမယ့် အသုံးအနှုန်းတွေကတော့ အံဝင်ခွင်ကျ မဖြစ်တာတွေရှိတယ်။ ဒါက ပထမဦးဆုံး အတွေ့အကြုံပါပဲ။ လက်ရှိ ဗိုလ်မှူးစောဒွေးအောင်ဟာ အဖွဲ့မှာ ဌာနမှာ လက်ရှိ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ လက်နက်လဲလှယ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အကာအကွယ်ယူသွားတာကတော့ ငြိမ်းချမ်းရေးရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်တယ်။ ငြိမ်းချမ်းရေးကို အလွဲသုံးစားလုပ်သွားတာ ဖြစ်တယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင် က “ဒီမှာလက်တလော သူတို့ လုံလုံခြုံခြုံဖြစ်အောင် သူတို့အဖွဲ့အစည်းက စိတ်တိုလို့ လိုက်ဖမ်းတာဆီးတာမျိုး မဖြစ်အောင် ခဏနေမယ်။ ဘာပေးမှ ဒါလာမယ်ဆိုတာမျိုးနဲ့ ဝင်ခဲ့တာမဟုတ်ဘူး။ သူတို့ကိုက ပြည်သူအနေနဲ့ နေချင်လို့ပဲ။ ပြည်သူဘဝရောက်သွားလို့ အခက်အခဲရှိမယ်ဆိုရင် ဥပဒေကြောင်းက မှန်သမျှတော့ ကူညီပေးမှာပဲ။ ပြည်သူဘဝကနေ ရပ်တည်ဖို့ ကျနော်တို့က နွေးနွေးထွေးထွေး ကြိုဆိုတယ်”လို့ ပြောပါတယ်။ KNU/KNLA(PC) မှ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်သွားတဲ့ ဗိုလ်မှူး စောဒွေးအောင်ဟာ တပ်ရင်း ၇ဝ၉ မှာ ရုံးထိုင်မှူးအဖြစ် တာဝန်ထမ်းဆောင်နေရင် ၂ဝ၁၇ မတ်လက မြဝတီမြို့ မြေကွက် အရောင်းအဝယ်တစ်ခုမှာ ငွေကြေးနစ်နာဆုံးရှုံးခဲ့တဲ့သူတွေက KNU/KNLA(PC) ဗဟိုတရားစီရင်ရေးဌာနကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုအရ ပထမအရစ် ပေးချေးခဲ့ပေမယ့် ကျန်ငွေကို ပေးချေးခြင်းမရှိတဲ့အပြင် ဗဟိုတ ရားစီရင်းရေးဌာနကို လာရောက်ဖြေရှင်းတာမရှိတဲ့အတွက် ဇူလိုင် ၁၃ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက်ကြောင့် ထွက်ပေါက်တစ်ခုအနေနဲ့ အလင်းဝင်သွားတာလို့ KNU/KNLA(PC) တာဝန်ရှိသူက ပြောပါတယ်။ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည့်စိုး “ပြစ်မှုကျူးလွန်လို့ ထွက်သွားတယ်။ ဖမ်းဝရမ်းထုတ်ထားတယ်။ အဲဒါကို ဒီဘက်တပ်ကပြန်ပြီတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အခါကျတော့ ဒီနှစ်ခုက အမြင်ချင်းမတူနိုင်ဘူး။ တဖက်က သူရဲ့ပင်မတပ်က အပြစ်ရှိလို့ ဖမ်းဝရမ်းထုတ်ထားတဲ့ကိစ္စကို ဘယ်လိုရှင်းမလဲ။ အတော်လေးကို စဉ်းစားပြီးတော့ ညှိနှိုင်းရမယ့်ဟာ ဖြစ်တယ်။ တပ်မတော် ဒါမဟုတ်ရင် အစိုးရနဲ့ KNU/KNLA (PC) က တာဝန်ရှိတဲ့ပုဂ္ဂိုလ်နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ယူဆတယ်”လို့ ပြောပါတယ်။ ကရင်ပြည်နယ်မှာ ၂ဝ၁၈ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်မတော်ထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှဲခဲ့ရာမှာ DKBA ခွဲထွက် ဗိုလ်ကျော်သက်အဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူ ၃ ဦးနဲ့ KNU/KNLA(PC) မှ ဗိုလ်မှူး စောဒွေးအောင် ဦးစီး တပ်ဖွဲ့ဝင် ၂၃ ဦးအပါအဝင် အလင်းဝင်ရောက်တာ ၂ ဖွဲ့ရှိသွားပြီးလို့ ဝန်ကြီးက ပြောပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024