Home
မေးမြန်းခန်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းဆွေးနွေး
DVB
·
July 18, 2012
ဒီနေ့ ဆက်လက်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး ၁၁ ရက်နေ့မြောက်မှာ နိုင်ငံခြားရင်းနှီမြှုပ်နှံမှု ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါတယ်။ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာ မြို့နယ် လွှတ်တော်အမတ် ဦးဝင်းထိန်၊ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းတို့ က ၀င်ရောက်ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းကို ဆက်သွယ်မေးမြန်း ထားပါတယ်။ “ပြည်သူ့လွှတ်တော်မှာ ပြဋ္ဌာန်းထားပြီးသား ဥပဒေကြမ်းအပေါ်မှာ ဘာတွေကို ပြင်ဆင်ချင်တယ် ဆိုတာကို ခြုံငုံသုံးသပ်ပေးတာပါ။ ဥပဒေကြမ်းဆိုတော့ ကျမတို့က ဒီနေ့ ခြုံငုံသုံးသပ် ဆွေးနွေးလိုက် တာပါ။ အဓိကကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်များကို နိုင်ငံခြား မတည်ငွေရင်း ရာနှုန်းပြည့်နဲ့ ဆောင်ရွက်ခြင်းဆိုတဲ့ အချက်ကို ဆွေးနွေးတယ်။ နောက်တချက်က နိုင်ငံခြားသားနဲ့ နိုင်ငံသားအချိုးကို ၄၉ အချိုး ၅၁ အတိုင်း ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုဖို့။ နောက်တချက်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်ပေးတယ်။ အခွင့်အရေးတွေပေးတယ်ဆိုတဲ့ အခန်း အဲ့အခန်း ၃ ခန်းကို ဒီနေ့ဆွေးနွေးခဲ့တာပါ။” မစန္ဒာမင်းအနေနဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ ပြောချင်တာရှိလဲ။ ဥပမာ ဘာတွေလိုအပ်တယ်။ “အဓိကကတော့ အဲ့ အခန်း ၃ ခန်းက အရေးကြီးတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆိုတဲ့ ဥပဒေက တနိုင်ငံလုံးအတွက်ရော အမျိုးသားရေးအသွင်ဆောင်တဲ့ အရေးအကြီးဆုံး ဥပဒေကြီးတခုဖြစ် တယ်။ မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်လာဖို့ပဲ ဆိုဆို၊ အခု နိမ့်ကျနေတဲ့ ဘ၀ကနေ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာဖို့၊ စက်မှုကဏ္ဍတွေ အရှိန်အဟုန်မြင့်ပြီးတော့ ဖွံ့ဖြိုးတိုးတက်လာဖို့ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကတော့ လိုအပ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ကိုလည်း ကျမတို့ မြန်မာနိုင်ငံအနေနဲ့ ဥပဒေတွေ၊ ၁၉၈၉ ခုနှစ်ကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာ ရှိခဲ့တယ်။ ဒါပေမယ့် ဒီဥပဒေက မလုံလောက်တဲ့အတွက် ဒါကို ပြန်ပြုပြင်တယ်။ ပြုပြင်တဲ့နေရာမှာလည်း ကျမပြောလိုက်တာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင်လည်း မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကြောင့် ပျက်စီးသွားမှုမရောက်အောင် အဲ့ဟာအတွက် ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ “နောက် မြန်မာနိုင်ငံမှာရှိနေတဲ့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင် (SME) တွေအတွက်လည်း အကာအကွယ်ပေးထားတဲ့ ဥပဒေတွေလိုအပ်ပါတယ်လို့လည်း ကျမပြောထားပါတယ်။ ဘာလို့လဲဆိုတော့ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်တွေ အတွက်ဆိုရင် မြန်မာနိုင်ငံမှာ အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ မပြဌာန်းရသေးပါဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ပြဋ္ဌာန်းပြီးလို့ရှိရင် SME ဥပဒေတွေကိုလည်း ပြဋ္ဌာန်းသင့်ပါတယ်လို့ ကျမပြောထားပါတယ်။ နောက်ပြီးတော့ နိဂုံးချုပ် ကျမပြောလိုက်တာကတော့ ကျမတို့ နိုင်ငံမှာ ဘယ်လိုပဲ ဥပဒေတွေ ပြဌာန်းပြဌာန်း အကောင်းဆုံးဖြစ်အောင် ရေးဆွဲ ရေးဆွဲ၊ တကယ်တန်း အလုပ်လုပ်တဲ့အခါမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ ဘက်လိုက်မှုတွေ၊ ၀န်ကြီးများရဲ့ အကျင့်ပျက်ခြစားမှုတွေက ခေတ်ဟောင်းမှာ ကျမတို့ ကြုံတွေ့ခဲ့ရပြီးပြီ။ ခေတ်သစ်မှာတော့ ကျမတို့ လွှတ်တော်ထဲလည်း ရောက်ခဲ့ပြီးပြီ။ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်ကနေ ရေးဆွဲပြဋ္ဌာန်းထားတဲ့ ဥပဒေများအတိုင်းပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ကျင့်သုံးသင့်ပါတယ်လို့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆွဲရာမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားတိုးတက်မှုတွေကိုလည်း မထိခိုက်ဖို့ အလေးထားဆောင်ရွက်သင့်တယ်လို့ ကျမကထင်တယ်လေ။ အဲအတိုင်း ဆွေးနွေးခဲ့ပါတယ်။” အခုလို ဆွေးနွေးလိုက်တဲ့ဟာက ဘယ်တော့ အတည်ပြု ပြဋ္ဌာန်းမလဲ။ “တကယ်တမ်းတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက အပြင်မှာလည်း ပညာရှင်များနဲ့ ဆွဲထားတာပါ။ လုပ်ငန်းရှင်များနဲ့လည်း အကြိမ်ကြိမ် ဥက္ကဋ္ဌကြီး ဦးရွှေမန်းနဲ့ ဆွေးနွေးခဲ့ပြီးသားပါ။ အခုမှ ပြည်သူ့လွှတ်တော်မှာ ချပြထားတယ်။ ပြီးတော့ အမျိုးသားလွှတ်တော်ကို အတည်ပြုချက်ယူမယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်မှာ ယူပြီးရင်တော့ ပြီးပါပြီ။ အဲဒါဆိုရင် ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုပြီး ထွက်လာပြီပေါ့နော်။ ဥပဒေပြီးရင်လည်း လုပ်ထုံးလုပ်နည်း ဥပဒေဆိုတာ ရှိသေးတယ်။ အဲဒါ ဆက်လက်ပြဋ္ဌာန်းဖို့ ရှိသေးတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024