Home
မြန်မာသတင်း
သဘာဝဘေးကြောင့် ပြည်နယ်နှင့်တိုင်းအချို့တွင် ပျက်စီးဆုံးရှုံးမှုများရှိ၊ ၁ ဦးသေဆုံး
DVB
·
July 21, 2018
ဇူလိုင် ၂ဝ ရက်နေ့က သဘာဝဘေးအန္တရာယ်ဖြစ်စဉ်တွေကြောင့်  တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ သေဆုံးဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ် ဇူလိုင် ၂ဝ ရက်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သီတာရပ်ကွက်နဲ့ အောင်နန်းရပ်ကွက်တို့မှာ ဓာတ်တိုင် ၃ တိုင်နဲ့ လျှပ်စစ် မီးကြိုးတွေ၊ သစ်ပင်ပိ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ မိုးညှင်းမြို့နယ် တဲကြီးကုန်း ကျေးရွာအနီး လယ်ကွင်းမှာလည်း မနက် ၇ နာရီလောက်က ဦးအိုက်ထွန်း (၅၃) နှစ်ဟာ လယ်ထွန်နေစဉ် မိုးကြိုးပစ်ခတ်မှုကြောင့် ခန္ဓာကိုယ်ဝဲဘက်တစ်ခြမ်း စောင်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့လို့ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ချင်းစုကျေးရွာမှာ ပျဉ်ခင်း၊ ထရံကာ၊ သွပ်မိုး နေအိမ် ၃ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ကနီမြို့နယ်မှာလည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် ၁ မှာ ဓာတ်တိုင် ၃ တိုင် ပြိုလဲပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဘုတလင်မြို့နယ်မှာတော့ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သာယာကုန်း ကျေးရွာမှာ ထန်းရွက်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ် ၁ လုံးနဲ့ ဓာတ်တိုင် ၄ တိုင် သစ်ပင်ပိ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ အလားတူ စစ်ကိုင်းမြို့နယ်မှာလည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သောတပန် ရပ်ကွက်မှာ အုတ်တံတိုင်း ၁ ခု ပြိုကျပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ယွန်းတန်းရပ်ကွက်နဲ့ မင်းတဲကျွန်းကျေးရွာတို့မှ အိမ်ထောင်စု ၂၄ စု၊ လူဦးရေ ၁ဝ၁ ဦး (ကျား ၅၇၊ မ ၄၄) တို့ဟာ ယွန်းတန်းရပ်ကွက်ရှိ အေးစေတီဘုရားဝင်းနဲ့ ဆွေမျိုးတွေ နေအိမ်မှာ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။ မင်းလှမြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ညောင်နီကုန်းကျေးရွာမှာ သွပ်မိုး၊ အုတ်ကာ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ အုတ်ဖိုမြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှု ကြောင့် အိုးသည်ကုန်းမြို့ ရွာသစ်ရပ်ကွက်၌ သွပ်မိုး၊ ထရံကာနေအိမ်ပါ ၆ လုံး အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် နတ်ညွှန်းရွာသစ် ကျေးရွာမှ သွပ်မိုး၊ ထရံကာ၊ ဝါးခင်းနေအိမ် ၂ လုံး ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပြီး ကျွန်းညိုကျေးရွာပါ ၃ ရွာတို့မှာ ရေအနက် ၂ ပေလောက် ဝင်ရောက်လို့ စာသင်ကျောင်း ၃ ကျောင်း ခေတ္တပိတ်ထားပါတယ်။ ရေနံချောင်းမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မိန်းမလှ ကျေးရွာမှ အိမ်ထောင်စု ၃ဝ စု၊ လူဦးရေ ၁၃၅ ဦး(ကျား ၆၉၊ မ ၆၆) တို့နှင့် ကျွဲ/နွား ၇၉ ကောင်တို့အား ဘုရားကုန်းကျေးရွာရှိ ပင်းစက္ကလံပဘုရားဝင်းအတွင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ မိုးရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ကျိုက္ခမီမြို့၊ ဓမ္မစေတီ ရပ်ကွက်မှာ ရေထိန်းနံရံ ၁ ခု (အရှည် ၃၃ ပေ၊ အမြင့် ၁၂ ပေ) ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရေးမြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် လမိုင်းမြို့၊ ဘဲလမုကျေးရွာမှာ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး သစ်ပင်ပိ ပျက်စီး ဆုံးရှုံးခဲ့တယ်၊ တောင်ကျချောင်းရေဝင်ရောက်မှုကြောင့် ရန်မျိုးအောင်ရပ်ကွက်နဲ့ ရန်ကြီးအောင်ရပ်ကွက်တို့မှာ ရေအနက် ၃ ပေလောက် ဝင်ရောက်လာလို့ အိမ်ထောင်စု ၂ဝဝ စု၊ လူဦးရေ ၈ဝ၅ ဦး (ကျား ၄၁၃၊ မ ၃၉၂) တို့ ရန်မျိုးအောင်ရပ်ကွက်ရှိ အားကစားရုံကို ပြောင်းရွှေ့ခဲ့ရပါတယ်။ သထုံမြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် လိပ်အင်း ရပ်ကွက်ပါ ၂ ခုတို့မှာ စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၄ လုံးအမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် သစ်ပင်လဲကျ၍ မီးကြိုးတွေ ပြတ်ကျထိမိလို့ မဖူးပွင့်ဝေ (၁၂) နှစ်ဟာ ယာလက်ညှိုး၊ လက်ကောက်ဝတ်၊ ဝဲလက်ခလယ်၊ လက်သူကြွယ် မီးလောင်ဒဏ်ရာ များ(စိုးရိမ်ရ)ရရှိခဲ့လို့ သထုံခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေစဉ် သေဆုံးသွားခဲ့လို့ သထုံမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၁၁/၂ဝ၁၈)နဲ့ စစ်ဆေးနေကြောင်း သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင် ကျွန်းမြို့နယ်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ခြောက်အိမ်တန်း နှာခေါင်းပေါက် ကျေးရွာ၌ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက် စာသင်ကျောင်း ၁ ကျောင်း ပြိုကျပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ပန်းတနော်မြို့နယ်မှာ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အထက်ကဇင်းတောကျေးရွာပါ ၄ ရွာတို့မှာ နေအိမ် ၈၃ လုံး၊ အိမ်ထောင်စု ၈၃ စု၊ လူဦးရေ ၁၈၃ ဦး (ကျား ၉၈၊ မ ၈၅)တို့မှာ ကျေးရွာအနီးမြေကွက်လပ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ မြန်အောင်မြို့နယ်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် အောင်မင်္ဂလာကျွန်းကျေးရွာပါ ၂ ရွာတို့မှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၇ဝ လုံး အမိုးလန်၊ နေအိမ် ၃၂ လုံး ပြိုကျပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဖျာပုံမြို့နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမာမြို့၊ အမှတ် (၁) ရပ်ကွက်နဲ့ ခတ္တာကျွန်းကျေးရွာတို့မှာ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်ပါ ၂၆ လုံး၊ ဆိတ်တင်းကုတ် ၁ လုံး ပြိုကျ၊ လှေဆိပ်မှာထားတဲ့ (အလျား ၆ဝ ပေ၊ အနံ ၁၅ ပေ၊ ဇောက် ၈ ပေ) စက်လှေ ၁ စီး နစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024