အက်ဖ်အမ်အိုင်လေကြောင်းလိုင်း ယာယီရပ်နား
ပိုင်စိုး
·
July 21, 2018

ပြည်တွင်းလေကြောင်းလိုင်းတခုဖြစ်တဲ့ အက်ဖ်အမ်အိုင်လေကြောင်းလိုင်းဟာ လုပ်ငန်းတွေ ပြန်လည်ဖွဲ့စည်းတာ လုပ်နေလို့ ယာယီရပ်နားလိုက်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတယောက်က ပြောပါတယ်။
First Myanmar Investment ကုမ္ပဏီရဲ့ လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဦးထွန်းထွန်းက “FMI လေကြောင်းလိုင်းက လုပ်ငန်းပြန်လည်ဖွဲ့စည်းတာ လုပ်ဆောင်နေတဲ့အတွက် ခရီးစဉ် ပြေးဆွဲတာတွေကို ယာယီရပ်နားလိုက်တာဖြစ်ပါတယ်။ ဖြစ်စဉ်အရ ပြေးဆွဲပျံသန်းခွင့်ကို ချက်ချင်း ပြန်အပ်စရာမလိုသေးပါဘူး။ JV Partners နဲ့ ဆွေးနွေးတာတွေပြုလုပ်နေပါတယ်။ ခရီးစဉ် ပြန်ပြေးဆွဲတာတွေကတော့ ဈေးကွက်အနေအထားနဲ့ လုပ်ငန်းဗျူပာာပေါ်မှာမူတည်ပါတယ်” လို့ ပြောပါတယ်။
မြန်မာ့လေကြောင်းလိုင်းကဏ္ဍမှာ စီးပွားရေးစိန်ခေါ်မှုတွေ အများကြီးရှိနေပြီး လေကြောင်းလိုင်းရဲ့ အကျိုးစီးပွားကိုရှေးရှုလို့ လုပ်ငန်းလည်ပတ်တာတွေကို ဇူလိုင် ၂၀ ရက်က စတင်ရပ်နားဖို့ ဆုံးဖြတ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းရပ်ဆိုင်းလိုက်လို့ ဝန်ထမ်းပေါင်း ၁၃၄ ယောက်ဟာ အလုပ်က ရပ်နားရမှာ ဖြစ်ပြီး အဲဒီဝန်ထမ်းတွေကို ကုမ္ပဏီလုပ်ငန်းစုထဲက တခြားလုပ်ငန်းဌာနတွေမှာ ပြောင်းရွှေ့လုပ်ကိုင်နိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်တဲ့အပြင် အလုပ်သမားဥပဒေနဲ့အညီ ကြိုတင်အသိပေးတာနဲ့ လျော်ကြေးတွေကိုလည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ဦးထွန်းထွန်းက “လက်ရှိ မြန်မာနိုင်ငံမှာ လေကြောင်းလိုင်းနဲ့သွားလာနိုင်ဖို့ကို လူတွေက လိုလားကြပါတယ်။ ဒီလို လိုအပ်တဲ့ ဝန်ဆောင်မှုမျိုးကို လူတွေ လက်လှမ်းမီနိုင်အောင် လုပ်နိုင်ပေးဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းလုပ်သူတွေအနေနဲ့ သုံးစွဲသူတွေ တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ပေါ်လစီပိုင်းက ကူညီပံ့ပိုးတာတွေနဲ့ အခြေခံပြုပြင်ပြောင်းလဲတာတွေ အများကြီးလိုအပ်နေပါသေးတယ်” လို့ ပြောပါတယ်။
ဇူလိုင် ၂၀ ရက်နေ့ နောက်ပိုင်းအတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူတွေကို လေယာဉ်လက်မှတ်ခတွေ ပြန်ပေးသွားမှာဖြစ်ပြီး ဇူလိုင် ၂၃ ရက်နေ့မှာတော့ လေယာဉ်စင်းလုံးငှား ခရီးစဉ်တခု ပျံသန်းပြေးဆွဲဖို့ရှိနေတယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။
FMI လေကြောင်းလိုင်းဟာ ၂၀၁၂ ခုနှစ်မှာ လေယာဉ်စင်းလုံးငှားရမ်းတာနဲ့ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကိုယ်တိုင်လုပ်ငန်းလည်ပတ်တာတွေ လုပ်ခဲ့ပါတယ်။
အဲဒီနောက် လေယာဉ်နှစ်စီးနဲ့ ရန်ကုန်-နေပြည်တော်ခရီးစဉ်အပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းနဲ့ သံတွဲ အစရှိတဲ့ ခရီးစဉ်တွေကို ပြေးဆွဲခဲ့တာပါ။
မကြာသေးခင်ကတော့ အဲပုဂံလေကြောင်းလိုင်းနဲ့ အေပက်စ်လေကြောင်းလိုင်း တို့ဟာလည်း လေကြောင်းပြေးဆွဲတာကိုရပ်နားပြီးသူတို့ရဲ့ ပျံသန်းခွင့်လိုင်စင်တွေ ပြန်အပ်ခဲ့ကြပါတယ်။