ထင်း၊ မီးသွေး သုံးစွဲမှု တနိုင်ငံလုံး လောင်စာသုံးစွဲမှု၏ ၈၁ ရာခိုင်နှုန်းရှိ
DVB
·
July 21, 2018

ထင်း၊ မီးသွေး သုံးစွဲမှုဟာ တနိုင်ငံလုံး လောင်စာသုံးစွဲမှုရဲ့ ၈၁ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ထင်း၊ မီးသွေး ကုဗတန် သန်း ၂၀ ကျော်ရှိတာကြောင့် သုံးစွဲမှု လျော့နည်းလာရေး လုပ်ဆောင်သွားမယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောပါတယ်။
သဘာဝတောတွေက သစ်တောသယံဇာတတွေကို ဒေသလိုအပ်ချက်အတွက် ထုတ်ယူသုံးစွဲတဲ့ ဖိအားများကို လျော့ချနိုင်ပြီး ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုကို အထောက်အကူ ပြုနိုင်ဖို့ အစားထိုး စွမ်းအင်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင် ၂၀ ရက်က သစ်တော ဦးစီးဌာန၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အိမ်ထောင်စုတွေဟာ လောင်စာစွမ်းအင် ၈ မျိုး အသုံးပြုနေတယ်လို့ ဆိုပါတယ်။
ထင်းသုံးစွဲမှု ၆၉ ဒသမ ၂ ရာခိုင်နှုန်း၊ မီးသွေးနဲ့လောင်စာတောက် သုံးစွဲမှု (၁၁ ဒသမ ၈) ရာခိုင်နှုန်းရှိတာကြောင့် ထင်း၊ မီးသွေး သုံးစွဲမှုဟာ တနိုင်ငံလုံး လောင်စာသုံးစွဲမှု စုစုပေါင်းရဲ့ ၈၁ ရာခိုင်နှုန်းရှိပြီး ပမာဏအနေနဲ့ ထင်း၊ မီးသွေး စုစုပေါင်းကုဗတန် သန်း ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ထင်း၊ မီးသွေးတွေ တတ်နိုင်သမျှ ထောက်ပံ့ပေးနိုင်ဖို့ ကျေးရွာထင်းစိုက်ခင်းတွေနဲ့ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတွေ တည်ထောင်ဖို့ အားပေးတာ၊ သဘာဝ တောကျန်တွေ စနစ်တကျ ကာကွယ်ထိမ်းသိန်းတာတွေ လုပ်ဆောင်နေပါတယ်။
ထင်း၊ မီးသွေး အသုံးပြုမှု လျော့နည်းစေဖို့ ထင်းအစား အခြားလောင်စာတွေ ပိုမိုတိုး တက် အသုံးပြုလာကြစေဖို့ ထင်းကုန်သက်သာသော စွမ်းအားမြင့်မီးဖိုတွေ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ရေး ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အစည်းအဝေးကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။