Live
Home
မြန်မာသတင်း
ဦးကိုနီအသတ်ခံရမှု ချောက်တွန်းခံရခြင်းဖြစ်ဟု အောင်ဝင်းဇော်ပြော
အောင်သူ
·
July 21, 2018
ဦးကိုနီအသတ်ခံရတဲ့အမှုမှာ အောင်ဝင်းဇော်က သူချောက်တွန်းခံရတာလို့ ရုးထုတ်အပြန်မှာ သတင်း ထောက်တွေကိုပြောပါတယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရတာနဲ့ ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ၆၂ ကြိမ်မြောက်အဖြစ် ဇူလိုင် ၂ဝ ရက်နေ့က ထုတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီရုံးထုတ်မှာ ၂ တရားခံ အောင်ဝင်းဇော်ကို သူရဲ့ရှေ့နေက စစ် ဆေးမေးမြန်းခဲ့တဲ့အခါမှာ အင်းစိန်အောင်စိုးက ထောင်ထဲက သူတို့နှစ်ဦးကြားဖြစ်ခဲ့တဲ့ ပြဿနာတွေကို အငြိုးထားပြီး ချောက်တွန်းခဲ့တာလို့ ထွက်ဆိုခဲ့တဲ့အပြင် အင်းစိန် အောင်စိုးက ထောင်ထဲမှာ သူ့ကိုပြဿနာရှာခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ပုဒ်မ ၃ဝ၂ (၁)/ ၃၄ နဲ့ စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းဇော်  “ကျနော်အမှန်တိုင်းပဲ ပြောခဲ့တာပါ။ ကျနော် ဘယ်တော့မှမလိမ်ဘူး။ ကျနော်ယောက်ျားအစစ်ပါ။ ကျနော် ချောက်တွန်းခံရတာပါ။ ကျနော်လုံးဝမဟုတ်ပါဘူး” လို့ ပြောပါတယ်။ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးအောင်ခိုင်က “အကျဉ်းသားက ငွေကိုင်လို့မရဘူးလေ။ မရတော့ အောင်စိုးဆီမှာ ငွေ ၈ဝဝဝဝ မိတယ်တဲ့။ အပြစ်ပေးတယ် အောင်စိုးကို တိုက် ၁ လ ပိတ်တယ်ပြောတယ်။ ဒါက အောင်ဝင်းဇော်က အကျဉ်းဦးစီးဝန်ထမ်းတွေကို တိုင်လို့တော လို့သာ ဒီလိုကိစ္စဖြစ်ပေါ်တယ်လို့ သူ့အပေါ်မှာ ရန်ငြိုးထားတယ်လို့ အောင်ဝင်းဇော်ကလည်း ထင်တာပေါ့လေ၊ ဒါပါပဲ ထင်မြင်ချက်ပါပဲ။ ဦးကိုနီအသတ်ခံရတာကလည်း အောင်ဝင်းဇော် ပါတယ် မပါဘူးဆိုတာကလည်း အောင်စိုးကပြောမှ ရဲတပ်ဖွဲ့ကစသိတာ။ အောင်ဝင်းဇော်ရဲ့အစသည် အောင်စိုးပြောလို့ သိတာ။ အောင်စိုးသာ အစမဖော်ရင် အောင် ဝင်းဇော်မှန်း မသိနိုင်ဘူးလေ အနေထားတွေက အဲလိုပေါ်လာတာ” လို့ ပြောပါတယ်။ ဦးကိုနီ အသတ်ခံရပြီး သိပ်မကြာခင်မှာပဲ အင်းစိန်အောင်စိုးက သူ့ကို အောင်ဝင်းဇော်က နိုင်ငံခြားသံတမန်တဦးကို သတ်ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုပါတယ်။ အောင်ဝင်းဇော် ထွက်ဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး အင်းစိန်အောင်စိုးက အောင်ဝင်းဇော်နဲ့ထောင်ထဲမှာ ဘာပြဿနာမှ မရှိခဲ့တဲ့အပြင် မန္တလေးထောင်မှာ သေနတ်ပေးပြီး ထောင်ဖောက်ပြေးဖို့ကိစ္စတွေတောင် မဖော်ဘဲနဲ့နေခဲ့ တာကိုကြည့်ရင် အောင်ဝင်းဇော်နဲ့ သူရဲ့ကြားမှာ ဘာပြဿနာမှ မရှိဘူးဆိုတာကို ပြောချင်တယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ အဲဒီရုံးထုတ်စစ်ဆေးမှုမှာ သက်သေခံအဖြစ် ဦးကိုနီအသတ်ခံရတဲ့နေ့မှာ အောင်ဝင်းဇော်ကို ဖမ်းဆီးစဉ် ရဲက သက်သေခံအဖြစ် သိမ်းဆည်းခဲ့တာမရှိတဲ့ ဘောင်းဘီကို တင်ပြခဲ့ပေမယ့် ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။ အထက်တန်းရှေ့နေ ဦးအောင်ခိုင်က “အခင်းဖြစ်တုန်းက မဆိုင်တဲ့ ဘောင်းဘီတွေသိမ်းပြီးတော့ ဝတ်ထားတဲ့ဘောင်းဘီကို သိမ်းမသွားဘူး။ တရားခံ ကိုယ်တိုင်ကလည်း ဒီနေ့အထိ ဝတ်နေတယ်။ ရှိလည်းရှိတယ် ဝတ်နေတယ်၊ ယူလာတယ် တင်ပြတယ်။ ပုဇွန်တောင် ချောင်းထဲမှာ လွှတ်ပစ်တယ်၊ ဖျောက်ဖျက်တယ်ပြောတာကိုး။ ကျနော်တို့က မဖျောက်ဖျက်ဘူး။ ဝတ်ထားတဲ့ အဝတ်စား အခုထိရှိသေးတယ်။ တရားခံကိုယ်တိုင်က ရိုးသားစွာတင်ပြတာပဲ” လို့ ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးနေလက “အမှုစစ်အရာရှိ ရဲမှူး တင်မောင်ဆွေက ဘာထွက်ဆိုချက်ရှိလဲဆိုတော့ အောင်ဝင်းဇော်က အခင်းဖြစ်တဲ့အချိန်တုန်းက အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ ဘောင်းဘီအပါအဝင် အဝတ်အစားတွေကို ပုဇွန်တောင်ချောင်းထဲမှာ လွှတ်ပစ်ခဲ့တယ်လို့ ထွက်ဆိုချက်ရှိတယ်။ အဲဒီအချိန်တုန်းက လွှတ်ပစ်တာမမှန်ဘူး၊ ကျနော်တို့မှာ အဲဒီဘောင်းဘီရှိတယ်လို့ ပြောခဲ့ရမှာ၊ ဒါပေမယ့်မမေးခဲ့ဘူး။ အခုမှ ထောင်ထဲက ယူလာတယ်ပြောတယ်။ ထောင်စည်းကမ်းအရ စစ်ရောင်ဘောင်းဘီကို ထောင်ထဲ သွင်းခွင့်မရှိဘူး” လို့ ပြောပါတယ်။ နောက်တပတ်ရုံးချိန်းကို လာမယ့် ၂၆ ရက်နေ့ ထပ်မံချိန်းဆိုလိုက်ပြီး အောင်ဝင်းဇော်ကို ဆက်လက်စစ်ဆေးမှာပါ။ ဦးကိုနီနဲ့ ဦးနေ၀င်းကို သတ်ခဲ့တဲ့အတွက် ကြည်လင်းကို ၃ဝ၂ (၁) ခ /၃၄၊ ၃ဝ၂ (၂) အပြင် လက်နက်ဥပဒေပုဒ်မ ၁၉ (ဃ)၁၉(စ) နဲ့ စွဲချက်တင်ခံထားရပါတယ်။ အောင်ဝင်းဇော်ကိုတော့ ၃ဝ၂ (၁) ခ /၃၄နဲ့ စွဲချက်တင်ထားပြီး ဇေယျာဖြိုးကိုတော့ ၃ဝ၂ (၁) ခ/၁ဝ၉ နဲ့ စွဲချက်တင်ထားပါတယ်။ အောင်ဝင်းထွန်းကိုတော့ တရားခံကို လွတ်မြောက်အောင် ကူညီခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ထားပြီး ငွေကျပ်သိန်း ၅ဝဝ နဲ့ အာမခံပေးထားပါတယ်။ ဒီအမှုမှာ အဓိက ငွေပေးစေခိုင်းတယ်ဆိုတဲ့ အောင်ဝင်းခိုင်ကိုတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024