ဖားကန့်တွင် မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် မိုးရွာတိုင်း ရေလွှမ်း
DVB
·
July 18, 2012
ကချင်ပြည်နယ် ဖားကန့် မြို ဥရုချောင်းမှာ ကျောက်တူးရာကနေ ထွက်လာတဲ့ မြေစာတွေကို စည်းကမ်းမဲ့ပုံချခဲ့တဲ့အတွက် မိုးရွာတိုင်း ရေကြီးမှုဒဏ် ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ မိုးရာသီကစပြီး မိုးရွာရင် ရေတွေတက်တက်လာသလို မနေ့ကလည်း ရေတွေအတော် တက်လာပြီးတော့ ဖားကန့်က ဌက်ပျောတော ရပ်ကွက် အောက်ဖက်ခြမ်းနဲ့ ရပ်ကွက် ၇ အေးမြသာယာ ကျောက်ဝိုင်းခြမ်းတွေ နစ်မြုပ်ခဲ့တယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။
ရေကြီးတဲ့အတွက် အခုချိန်အထိတော့ လူအသေအပျောက် မရှိသေးသလို ဥရုချောင်းဘေးနဲ့ နီးတဲ့ ရပ်ကွက်တွေက ပိုပြီးတော့ ရေကြီးတဲ့ဒဏ်ကို ခံစားရတယ်လို့ ပြောပါတယ်။
ဖားကန့်မှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေသခံ တဦးက “မနေ့ကတော့ တော်တော်ကြီး တယ် ကမ္ဘောဇဘဏ်ထိရောက်တယ်။ ကတ္တရာလမ်းပေါ်မှာဆိုရင် ခါးလောက်ထိရောက် တယ်။ ရေက ကျသွားလည်း နောက်ထပ် မိုးရွာရင် ပြန်ပြန်ကြီးတာပါပဲ။ တရက် နှစ်ရက် ကျသွားပြီးရင် နောက် မိုးရွာရင် ပြန်ကြီးတာပါပဲ” လို့ ပြောပါတယ်။
ရေလွှမ်းခံရသူအများစုဟာ အိမ်အပေါ်ထပ်က ထပ်ခိုးတွေမှာ နေထိုင်ကြပြီး နီးစပ်သူများက အကူအညီပေးတာ ရှိသလို တချို့ကလည်း ဘုန်းကြီးကျောင်းလို ရေလွတ်တဲ့နေရာ မှာ ရှောင်နေရတယ် လို့လည်း ပြောပါတယ်။
ဖားကန့်မှာနေလာတဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ အခုလို ဆိုးဝါးတဲ့ အတွေ့အကြုံ မရှိခဲ့သလို အခုအခါ လှေနဲ့ သွားလာနေရပြီး ဒီလိုဖြစ်ရတာကလည်း ကုမ္ပဏီတွေက မြေစာတွေကို ဆယ်စုနှစ် တခုနီးပါး ဥရုချောင်း အတွင်းသို့ စည်းကမ်းမရှိ စွန့်ပစ်မှုရဲ့ ရလဒ်လို့လည်း ပြောပါတယ်။
ကုမ္ပဏီတွေက ဥရုချောင်းကို ပြန်လည်ဆယ်ယူတယ်လို့ ဆိုပေမယ့်လည်း တကယ်တော့ ဟန်ပြလုပ်ဆောင်တာဖြစ်ပြီးတော့ တနှစ်ထက် တနှစ် အခြေအနေ ပိုဆိုးလာတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။