Home
မြန်မာသတင်း
တီအန်အယ်လ်အေ အမျိုးသမီး ၅ ဦး၏ အလောင်းကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ဟု တပ်မတော်ထုတ်ပြန်
DVB
·
July 20, 2018
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ထဲမှာ တပ်မတော်စစ်ကြောင်းနဲ့ တီအန်အယ်လ်အေတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး တီအန်အယ်လ်အေဘက်က အမျိုးသမီး ၅ ဦး အပါအဝင် ၈ ဦးသေဆုံးပြီး အလောင်းတွေကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပါတယ်။ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းဟာ နယ်မြေရှင်းလင်းစဉ် ဇူလိုင် ၁၁ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်လောက်က မန်ဝန်းကျေးရွာအုပ်စု၊ အွယ်လောကျေးရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂၁၀၀ ခန့်အကွာ အရောက်မှာ တီအန်အယ်လ်အေ အင်အား ၃၀ လောက်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ တီအန်အယ်လ်အေ ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသားအလောင်း ၃ လောင်း၊ ပြောက်ကျားယူနီဖောင်းဝတ် အမျိုးသမီးအလောင်း ၅ လောင်း၊ အမ်-၂၂ အမျိုးအစား သေနတ် ၂ လက်၊ အမ်-၂၁ အမျိုးအစားသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ကျည် ၁၃၂ တောင့်၊ အီကွစ်မန့် (Equipment) ၈ စုံနဲ့ တရုတ်လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရမိခဲ့ပြီး ရုပ်အလောင်းတွေကို တိုက်ပွဲနေရာ အနီးတဝိုက်မှာ ညနေ ၅ နာရီလောက်က စနစ်တကျ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့  တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီတိုက်ပွဲမှာ တပ်မတော်ဘက်က စစ်သည် ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် လျှိုထဲ ထိုးကျပျက်စီးနေတဲ့ Toyota Hilux Double Cub ယာဉ် ၁ စီးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အသေးစိတ်စိစစ်ရာမှာ အဲဒီယာဉ်ဟာ မန်တုံမြို့နယ်၊ မဟိုချောင်း၊ နမ့်နတ်-ဟွေလောင်း ဒေသတဝိုက်မှာ သတ္တုစမ်းသပ်တူးဖော်ခွင့် ရရှိထားတဲ့ နေ့သစ် အာရှ သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီပိုင် ကားဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်မှာ အဲဒီကုမ္ပဏီဝန်ထမ်း ဦးစိုင်းကျော်အေးနဲ့ အဖွဲ့ဝင် ၃ ဦး ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကုမ္ပဏီဝန်ထမ်း ၃ ဦးဟာ ဇူလိုင် ၁၁ ရက်က နမ့်ခမ်းသို့ ဈေးဝယ်သွားစဉ် တီအန်အယ်လ်အေအဖွဲ့က အွယ်လောရွာသို့ ပို့ဆောင်ပေးဖို့ အကူအညီတောင်းခံကာ လိုက်ပါစီးနင်းလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့လို့ ဝန်ထမ်း ဦးစိုင်းကျော်အေးနဲ့ ဦးစိုင်းဖေဝင်းတို့ ဒဏ်ရာ အနည်းငယ်စီရကာ တရုတ်နိုင်ငံက ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ အွယ်လောရွာအနီး တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ တီအန်အယ်လ်အေဘက်ကတော့  မြန်မာ့တပ်မတော်က ချုံခိုတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တဲ့ အကြောင်းနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိသွားတဲ့ တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ဆေးမှူး ရဲမေ ၆ ဦးကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တီအန်အယ်လ်အေ ဆေးမှူး ရဲမေ ၆ ဦးကို မြန်မာတပ်မတော် တပ်မ (၈၈) ခမရ-၃၀၁ တပ်ဖွဲ့က ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ လက်ရဖမ်းဆီးမိသွားခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု အွယ်လောရွာအနီး ရွှေဂတ်(စ်)ပိုက်လိုင်း ကားလမ်းအနီးမှာ ဒေသခံတွေက ဇူလိုင် ၁၄ ရက်က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသွားသူ ရဲမေ ၆ ဦးအနက် ၂ ဦးမှာ ဦးခေါင်းနဲ့ ခြေထောက်ပိုင်း သေနတ်ဒဏ်ရာတွေ ရရှိထားပြီး ကျန်သူတွေကတော့ ဓားဒဏ်ရာနဲ့ ရိုက်နှက်ထားခံရတဲ့ ညိုမည်းဒဏ်ရာတွေ တွေ့ရှိရကြောင်းလည်း တီအန်အယ်လ်အေသတင်းမှာ ဖော်ပြထားပါတယ်။ သေဆုံးသွားခဲ့ကြတဲ့ ဆေးမှူး ရဲမေ ၆ ဦးနဲ့  လုံခြုံရေးတာဝန်ကျ တအာင်းတပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၇ ဦးတို့ရဲ့ အလောင်းတွေကို ဒေသခံတွေက ဇူလိုင် ၁၄ ရက် ညနေမှာ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့လည်း တီအန်အယ်လ်အေ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ တီအန်အယ်လ်အေ ထိပ်ပိုင်းခေါင်းဆောင်တချို့ ပြည်ထောင်စုငြိမ်းချမ်းရေညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေချိန်မှာ ဒီတိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024