အခွန်တိုးမြှင့်ပေးရန် တပ်မြို့စည်ပင်သာယာဈေး ဖိအားပေးခံရ
DVB
·
July 18, 2012

ဆိုင်ခန်းခအခွန် လျှော့ပေးဖို့ တောင်းဆိုထားတဲ့ မန္တလေး တပ်မြို့စည်ပင်သာယာဈေးကို နန်းတွင်းတပ်နဲ့ လုံထိန်းရဲတချို့လာရောက်ပြီး အခွန်မပေးရင် ဆိုင်တွေကို ပိတ်ပစ်မယ်ဆိုပြီး အင်အားပြဖိအားပေးခဲ့ပါတယ်။
[caption id="attachment_28084" align="alignleft" width="300" caption="တပ်မြို့စည်ပင်သာယာဈေး"]
[/caption]
မနေ့ ညနေ ၅ နာရီလောက်မှာ လက်နက်ကိုင်စစ်သား ၁၅ ယောက်ပါ စစ်ကား ၅ စီးနဲ့ လုံထိန်းရဲတချို့ လာရောက်ဖိအားပေးတဲ့အတွက် တချို့ကစိုးရိမ်ပြီး ပေးဆောင်လိုက်ရတဲ့အကြောင်း ဈေးသူဈေးသားတွေက ပြောပါတယ်။
ဆိုင်ခန်းဖွင့်ထားသူတဦးက “အပြင်မှာလည်း စစ်တပ်တွေနဲ့ အထဲမှာလည်း စစ်သားတွေနဲ့ ဟိုးအနောက်မှာ ရဲတွေနဲ့ ကျမတို့မှာ ထွက်လို့ဝင်လို့ လုပ်ပြီးမှ အတင်းအဓမ္မလုပ်တဲ့အခါကျတော့ အထွက်အ၀င်ခက်မှာစိုးလို့ ကျမတို့က ၂ လစာ ရှိတဲ့လူတွေကို တလစာ ပေးလိုက်ရတယ်။ အဲဒါသူတို့က ပြောသေးတယ်။ စာတင်ထားတဲ့အကြောင်း ဘာအကြောင်း ပြောတော့ သူတို့က ဘာပြောလဲဆိုတော့ စာတင်တာ စာတင်တိုင်းရမလားတဲ့။ အထက်ကို ကျမတို့က အသနားခံစာ တင်ထားတယ်လို့ ပြောတဲ့အခါ စာတင်တိုင်းရမလားတဲ့” ဆိုပြီး ပြောပါတယ်။
၇၃ လမ်း ၄၀ လမ်းနဲ့ ၄၁ လမ်းကြားမှာရှိတဲ့ တပ်မြို့စည်ပင်သာယာဈေးမှာ ဆိုင်ခန်းခတွေ တိုးမြှင့်ကောက်ခံတဲ့အတွက် လျှော့ပေးဖို့ ဈေးသူဈေးသားတွေက အသနားခံစာ တင်ထားတဲ့အချိန်မှာ တိုးမြှင့်နှုန်းထားနဲ့ ပေးဆောင်ဖို့ လာရောက် ကောက်ခံတာပါ။
“မန္တလေးစည်ပင်ဈေးက တလမှ ၃၀၀၀ လူနေတိုက်ခန်းရော အပြင်ခန်းတွေရော၊ ဘယ်တော့မှ ၇ သောင်းတို့ ၆ သောင်းတို့ ကောက်တာ မရှိဘူး။ အဲဒီဆိုင်ခန်းတွေကလည်း မိမိကိုယ်ပိုင်ငွေနဲ့ပဲ ၀ယ်ရမှာ။ ဒီဆိုင်ခန်းတွေ အားလုံးကလည်း ကိုယ့်ကိုယ်ပိုင်ငွေနဲ့ပဲ ၀ယ်ရတာ။ မြေငှားခပေါ့ဗျာ။ အခွန်ဆောင် ရတာပေါ့ဗျာ။ မြေငှားခ အခွန်ဆိုရင် သူတို့သတ်မှတ်တဲ့ ၇ သောင်းဆိုရင် အဆောက်အဦကို ကျနော်တို့ ငှားတဲ့ပုံစံ ဖြစ်နေပြီ။ ကိုယ်ပိုင်လည်း ၀ယ်ရသေးတယ် အဆောက်အဦကိုလည်း ငှားတဲ့ပုံစံ ပေးရဦးမယ်ဆို ဒါက တရားနည်းလမ်းတော့ မကျဘူးပေါ့ဗျာ။”
ပေးစရာ ဆိုင်ခွန်တွေပေးပြီးမှ ဈေးကို ညှိနှိုင်းလို့ ရမယ်လို့လည်း ပြောခဲ့ကြောင်း ဆိုပါတယ်။
တပ်မြို့စည်ပင်ဈေးက ဈေးသူဈေးသားတွေအနေနဲ့ မူလ ကောက်ခံတဲ့ အပြင်ဆိုင်ခန်း တသောင်း ၂ ထောင်ကျပ်ကို ၇ သောင်း၊ အတွင်းဆိုင်ခန်း ကျပ် ၇ ထောင်ကနေ ၅ သောင်းထိ တိုးမြှင့်ခဲ့တာမို့ ၅ ဆများနေတဲ့အတွက် လျှော့ပေါ့ပေးဖို့ အာဏာပိုင်အဆင့်ဆင့်ကို ပြီးခဲ့တဲ့ မေလက အသနားခံစာတင်ထားခဲ့ပါတယ်။
