အသိမ်းခံရသည့် လယ်မြေများအတွက် နစ်နာကြေးတောင်း
DVB
·
July 18, 2012

အိုးအိမ်ဦးစီးဌာနက လယ်မြေတွေသိမ်းပြီး ငွေပင်လယ်စက်မှုဇုန် တည်ဆောက်ခဲ့တဲ့အပေါ် လယ်ယာဆုံးရှုံးခဲ့တဲ့ လှိုင်သာယာလယ်သမားတွေက နစ်နာကြေးရရှိဖို့ တောင်းဆိုနေကြပါတယ်။
လယ်သမားတွေဟာ သူတို့ရဲ့ဆုံးရုံးမှုတွေအတွက် ဇူလိုင် ၁၆ ရက်နေ့က လယ်မြေတွေ ပြန်လည်ရရှိရေး မြို့နယ်ရုံးကို သွားရောက်ဆွေးနွေးခဲ့ကြတယ်လို့ လယ်သမားတဦးက ပြောပါတယ်။
“မြို့နယ်ရုံးကိုသွားတဲ့အခါမှာ အိုးအိမ်ကနေ သိမ်းပြီးပြီတဲ့။ အဲ့တာ ကျနော် အိုးအိမ်ကို သွားပြောတယ်။ ဟုတ်တယ် သိမ်းထားပြီပြောတယ်။ အခု ကျနော်တို့ ပြန်လုပ်ချင်လို့ သီးစားလာပြီးလျှောက်ပေါ့နော်။”
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ရခိုင်ရိုးကြီး၊ ရခိုင်ရိုးလေး၊ အလယ် စတဲ့ ကျေးရွာက လယ်မြေတွေကို ၁၉၉၇ ခုနှစ်လောက်ကတည်းက အိုးအိမ်ဦးစီးဌာနက သိမ်းဆည်းခဲ့ပါတယ်။
သူတို့လယ်မြေတွေပေါ်မှာ စက်မှုဇုန်နဲ့ ဟိုတယ် တည်ဆောက်ထားတာတွေရှိခဲ့ပြီး ကျန်နေသေးတဲ့ လယ်မြေတွေကိုတော့ ပြန်လုပ်စားခွင့်ရရှိဖို့ တောင်းဆိုနေကြတာလို့ ဆိုပါတယ်။
“စက်မှုဇုန်သိမ်းတယ်ဆိုပြီးတော့ လာသိမ်းတယ်။ ၄ ဧက ကို စက်ရုံတွေဆောက်တယ် ကျန်တဲ့ ၈ ဧက ကို ဘာမှမဆောက်ဘဲ ထားထားတယ်။ အခုကျန်တဲ့ဟာကို တို့ပြန်ပြီးတော့ လုပ်စားပါရစေ ဆိုတော့ လုပ်စားပိုင်ခွင့်မပေးဘူး။ အခုဘေးကလူတွေလာလုပ်တယ် တို့တသက်လုံး လုပ်စားလာခဲ့သူက မလုပ်ဘူး။ ဘေးကလူက လာလုပ်တော့ မျက်ရည်ကျတာပေါ့ကွာ။”
သူတို့ရဲ့ ဆန္ဒတွေကို တောင်းသူလယ်သမားအရေး ဆောင်ရွက်သူတွေကို တင်ပြခဲ့ပြီး နစ်နာကြေးတွေကို လယ်သမားတွေ ပြန်လည်ရရှိဖို့ ဆောင်ရွက်ပေးသွားမယ်လို့ တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးသူက ပြောပါတယ်။
“မှုလပိုင်ရှင် လုပ်ခဲ့တဲ့လယ်သမားတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်ခွင့်အရ အခုလက်ရှိ လယ်တန်ဖိုးအတိုင်း နစ်နာကြေး ရရှိဖို့ကို ဆောင်ရွက်သွားမယ် ပြီးတော့ သက်ဆိုင်ရာအဆင့်ဆင့်ကိုလည်း တိုင်ကြားပေးသွားမှာဖြစ်ပါတယ်။”
ထန်းတပင်မြို့နယ် ထိန်ကုန်းကျေးရွာနေ လယ်သမား ဦးဖိုးနီနဲ့ လှိုင်သာယာ မြို့နယ် ရိုးကြီးကျေးရွာက လယ်သမား ဦးငွေကျော်တို့က ဦးဆောင်ပြီး အခုလို နစ်နာနေရတဲ့ လယ်သမားတွေအတွက် လိုက်ပါဆောင်ရွက်ပေးနေပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/farmer/]