Thursday, June 8, 2023
HomeLead Storyအာဇာနည် ခေါင်းဆောင်ကြီးများကို နိုင်ငံတဝန်း တစ်မိနစ် ဥသြဆွဲ ငြိမ်သက် ဂါရဝပြု

အာဇာနည် ခေါင်းဆောင်ကြီးများကို နိုင်ငံတဝန်း တစ်မိနစ် ဥသြဆွဲ ငြိမ်သက် ဂါရဝပြု

မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦး လုပ်ကြံခံရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ၁၀ နာရီ ၃၇ မိနစ်မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့  မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူတွေက မြို့နယ်အသီးသီးမှာ ၁ မိနစ် ဥသြဆွဲ ငြိမ်သက် ဂါရဝပြုခဲ့ကြပါတယ်။

အခုလို  အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဥသြဆွဲ အလေးပြုတာကို ယခင် စစ်အစိုးရ လက်ထက်တုန်းက  ပြုလုပ်ခွင့်မရခဲ့ဘဲ အရပ်သားအစိုးရ လက်ထက်နောက်ပိုင်းမှသာ အခုလို ပြန်လည်ပြုလုပ်ခွင့်ရရှိလာတာ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား ခြေတော်ရင်းမှာ ရှိတဲ့ အာဇာနည်ဗိမာန်မှာလည်း ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို မနက် ၈ နာရီမှာ စတင်ခဲ့ပြီး ဒုသမ္မတဦးမြင့်ဆွေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေ လာရောက် လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့တဲ့ ဗိုလ်ချုပ်ပြတိုက်၊ အာဇာနည်ပုဂ္ဂိုလ်တွေ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးများရုံးနဲ့ အာဇာနည်ဗိမာန်တို့ကို ဖွင့်လှစ်ပေးထားတဲ့အတွက်  ကျောင်းသူ ကျောင်းသားတွေနဲ့ ပြည်သူတွေ လာရောက် ဂါရဝပြု ကြည့်ရှု လေ့လာနေကြပါတယ်။

ဒီနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း၊  အပါအဝင် ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနားတွေ မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ ကျင်းပခဲ့ကြပါတယ်။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ နယ်ချဲ့လက်ပါးစေ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့်  ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေးတို့ သေနတ်ဒဏ်ရာတွေနဲ့  ကျဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular