DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် အာဇာနည်နေ့ အခမ်းအနား ပိတ်ပင်ခံရ
DVB
·
July 17, 2012
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အာဇာနည်နေ့ အခမ်းအနားအတွက် လွတ်လပ်ရေး ကျောက်တိုင်မှာ သွားပြီး ပန်းခွေချခွင့်မရဘူးလို့ သိရပါတယ်။

လားရှိုးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဟာ  ဇူလိုင် ၁၉ ရက်နေ့ ကျရောက်မယ့် အာဇာနည်နေ့ကို ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းကပ် ဟောပြောပွဲလုပ်ဖို့နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး လားရှိုး အာဇာနည် ကျောက်တိုင်မှာ ပန်းခွေချခွင့်ပေးဖို့ လားရှိုးမြို့နယ် အာဏာပိုင်တွေဆီမှာ လျှောက်ထားခဲ့တာပါ။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေအတိုင်း  မြို့နယ်ရဲတပ်ဖွဲ့ကို ဇူလိုင် ၁၃ ရက်နေ့က စာတင်ခဲ့ရာမှာ စီတန်းလှည့်လည်ပြီး ပန်းခွေချဖို့ ခွင့်မပြုနိုင်ဘူးလို့ ရဲစခန်းက အကြောင်းပြန်ခဲ့တဲ့အကြောင်း လားရှိုး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးထွန်းရွှေက ပြောပါတယ်။

“(က) နိုင်ငံတော်အဆင့်မှ လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားကို အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်တွင်သာ ဆောင်ရွက်ခြင်းဖြစ်၍ လွမ်းသူ့ပန်းခွေချခြင်းသည် အာဇာနည်ဂူဗိမာန်ရှိသည့် နေရာတွင်ချခြင်းသာ သင့်လျော်သည်ဖြစ်၍ ဒီမြို့နယ်တွင် လုပ်ဆောင်ရန် မလိုအပ်ဟု ယူဆခြင်း။ (ခ) လွမ်းသူ့ပန်းခွေချရန် အဆိုပြုသောနေရာသည် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ရှိသောကြောင့် ပြည်သူများ သွားလာမှုကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ခြင်း။ (ဂ) ဈေးနှင့်နီးပြီး ကုန်စည်ပြပွဲကျင်းပလေ့ရှိသည့် နေရာနှင့်နီးသဖြင့် လူရှုပ်ထွေးမှုများပြားသော နေရာတွင်ဖြစ်နေခြင်း ဆိုပြီးတော့ အကြောင်း ၃ ချက် ပြပြီး ငြင်းတာဖြစ်ပါတယ်။”

အရင်တုန်းက လားရှိုးမြို့မှာ အာဇာနည်နေ့ ရောက်တိုင်း လွတ်လပ်ရေး  ကျောက်တိုင်မှာ ဌာနဆိုင်ရာနဲ့ ကျောင်းပေါင်းစုံဟာ အစဉ်အလာမပျက် အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပန်းခွေချ ဂါရ၀ပြုလေ့ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာတော့ ဒီအစဉ်အလာပျက်သွားပြီး အခု အစိုးရသစ် လက်ထက်မှာ ပြန်လုပ်ဖို့သင့်တယ်လို့ ယူဆတဲ့အတွက် လားရှိုး အန်အယ်လ်ဒီက ခွင့်ပြုချက် တောင်းခံခဲ့တာပါ။

ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်းဖြစ်ပြီး  နိုင်ငံတော် လုံခြုံရေး တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားအောင် လုပ်ဆောင်တာ မဟုတ်တဲ့အတွက် ခွင့်ပြုသင့်တယ်လို့  ဦးထွန်းရွှေက ပြောပါတယ်။

“အဓိကက ကျနော်တို့နိုင်ငံမှာ ဥပဒေက ပြဋ္ဌာန်းထားပေမယ့် ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့် မရှိတဲ့အတွက် ဥပဒေစိုးမိုးမှုမရှိသေးဘူး ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ကို ဒီလို ငြင်းပယ်တယ်လို့ ယူဆပါတယ်။”

အလားတူ ပဲခူးတိုင်း ပဲခူးမြို့မှာလည်း  မြို့ခံတွေကို အာဇာနည် ကျောက်တိုင်မှာ ပန်းခွေချခွင့် မပေးဘဲ အာဏာပိုင်တွေက  တားမြစ်ပိတ်ပင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013