Home
မြန်မာသတင်း
ဘားအံမြို့နယ်တွင် ကျူးကျော်တဲများနှင့် ခြံစည်းရိုးများကို ရှင်းလင်း
DVB
·
July 18, 2018
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအုပ်စု၊ တောင်ကလေး-စံဖရီး ကားလမ်းဘေးက ကျူးကျော်တဲအိမ်တွေနဲ့ ခြံစည်းရိုးတိုင်တွေကို လူအင်အားသုံးပြီး စက်ယန္တရားကြီးတွေနဲ့ ဇူလိုင် ၁၇ ရက် မနက် ၇ နာရီက ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။ အဆိုပါ မြေကို KNU ၁၂ ကျေးနယ် ဥက္ကဋ္ဌ ထံကနေ ၀ယ်ယူခဲ့တာဖြစ်ပြီး အလျား ၆၀ ပေ အနံ ၁၂၀ ပေ မြေ တစ်ကွက်ကို ကျပ် ၅ သောင်းနဲ့ မြေကွက်ပေါင်း ၁၀၀၀ ကျော်ကို ရောင်းချခဲ့ရာမှာ KNU လုပ်ပိုင်ခွင့် ထောက်ခံချက်နဲ့ ၀င်ရောက်လုပ်ကိုင် နေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ဟံသာအေးရပ်ကွက် ဒေါ်ခင်ဝင်းက “အဖိုးက(KNU ၁၂ ကျေးနယ် ဥက္ကဋ္ဌ) ပြောတော့ သေချာတယ်။ ဒီနေရာက ပြည်သူလူထုတွေ ဝေဖို့အတွက်ဆိုတော့ ကျမတို့ကယူတာပေါ့။ ဈေးတော်တယ်ဆိုတော့ ကိုယ်လည်းဝယ်တာပေါ့။ သူလုဝယ် ကိုယ်လုဝယ်ပေါ့။ ကျမတို့မှာလည်း ရှိတာမဟုတ်ဘူး။ ကျမတို့ သားသမီးတွေ သူများနိုင်ငံမှာ ကျွန်သွားလုပ်တာ ပေးမလုပ်နိုင်တော့ဘူး”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ တောင်းကလးကျေးရွာ၊ ဒေါ်မခိုင် က “ပြောတော့ ပြည်သူလူထုကို ငြိမ်းချမ်းစေချင်တယ်။ ကောင်းစား စေချင်တယ်။ စိတ်ချမ်းသာစေချင်တယ်။ အခုကျတော့ သူတို့လာလုပ်တာ ပြည်သူလူထု စိတ်ချမ်း သာ နေရလားလို့။ ပြည်သူလူထုကို စိတ်ချမ်းသာစေချင်တဲ့ အစိုးရက လာလုပ်မလား။ ခရိုနီလာ လုပ်တာလား။ သိချင်တယ်”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာ၊ ရွာသစ်စု ဒေါ်ယိမ်း က“စစ်တပ်လာတဲ့ အခါကျတော့ စစ်တပ်အကုန်လုံး သိမ်းပလိုက်တယ်။ ငါတို့ သင်္ချိုင်းကုန်း မရှိတော့ဘူး။ ငါတို့ နေစရာ ခုတ်စရာလည်း မရှိတော့ဘူး။ ရွာသားတွေ ကိုယ်ရွာခံတွေ လာခုတ်ပြီးတော့ နေကျတာပေါ့။ မပြောင်(​တောမရှင်​)ခင်က သူတို့ ဘာမှမပြောဘူး။ ဒီလို့ပဲ သူတို့ လာ လာ ခြိမ်းခြောက်တယ်”လို့ ပြောပါတယ်။ ကျူးကျော်ဝင်ရောက် နေထိုင်သူတွေအနေနဲ့ မဖယ်ရှားပေးရင် ၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံတော် မြို့ရွာနဲ့ မြို့နယ်ကျေးရွာ အက်ဥပဒေ ၂၁ အရ ဥပဒေပါ ပြဠာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖယ်ရှားရှင်းလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဘားအံခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမော်ကပြောပါတယ်။ “ဒီမြေပေါ်မှာ လက်ရှိ ကျူးကျော် ထားတဲ့သူတွေ အစိုးရက အတည်ပြုသတ်မှတ်ထားတဲ့ မြေဖြစ်တဲ့အတွက် ဒီမြေပေါ်မှာ ကျူးကျော်ထားတဲ့ သူ တွေ ဖယ်ရှားရှင်းလင်းရမှာ ဖြစ်ပါတယ်။ အရင်က မြေ ၉၂၈ ဒသမ ၉၃ ဧကပေါ် အမှတ် ၂၂ တပ်မဌာနချုပ်က ထင်းစိုက်ခင်း အဖြစ်အသုံးပြုခဲ့ရာက ၂၃. ၄. ၂၀၁၈ ရက်စွဲပါ အမိန့်ကြေငြာစာပါအမှတ် ၄၇၁/ ၂၀၁၈ နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အစိုးရကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024