
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ အမေရိကန်နိုင်ငံကို သွားရောက်ပြီး Atlantic Council အဖွဲ့က ပေးအပ်ချီးမြှင့်တဲ့ Global Citizen Award လို့ခေါ်တဲ့ ကမ္ဘာ့နိုင်ငံသားဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။
ဆုပေးပွဲ အခမ်းအနားကို နယူးယောက်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့ ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်ကြောင်း အမေရိကန် အခြေစိုက် Atlantic Council အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ရေးသား ထားပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်မှု၊ လွတ်လပ်မှုနဲ့ လူသားဂုဏ်သိက္ခာတို့ရဲ့ နိုင်ငံတကာ အမှတ်သင်္ကေတဖြစ်မှုတို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်တာဖြစ်ကြောင်း အဲဒီ Atlantic Council ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုဘယ်လ်ဆုရှင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်ဂျာ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စ ဆဒါကို အိုဂါတာနဲ့ အမေရိကန် ဂီတအနုပညာရှင်နဲ့ လူသားချင်းစာနာမှု ကူညီပေးသူ ကွင်စီဂျုံးတို့ကိုလည်း ဖိတ်ကြားထားပြီး နယူးယောက်ခ်မြို့မှာ ဂုဏ်ပြုဖို့ အစီအစဉ် ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်ပြီး တစုံတရာထုတ် ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။











