တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ဆေးမှူး ရဲမေ ၆ ဦး သတ်ဖြတ်စွန့်ပစ်ခံရ
DVB
·
July 17, 2018

မြန်မာ့တပ်မတော်က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတဲ့ တီအန်အယ်လ်အေ တအာင်း တပ်ဖွဲ့ဝင် ဆေးမှူး ရဲမေ ၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး စွန့်ပစ်ထားခဲ့တယ်လို့ တီအန်အယ်အေက ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စု၊ အွယ်လောရွာအနီး ရွှေဂတ်စ် ပိုက်လိုင်းကားလမ်းပေါ်မှာ လှုပ်ရှားနေတဲ့ တအာင်းတပ်ဖွဲ့ကို မြန်မာ့တပ်မတော်က ချုံခိုတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တီအန်အယ်လ်အေ ဆေးမှူး ရဲမေ ၆ ဦးကို မြန်မာတပ်မတော် တပ်မ (၈၈) ခမရ-၃၀၁ တပ်ဖွဲ့က ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ လက်ရ ဖမ်းဆီးမိသွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ ရဲမေ ၆ ဦးရဲ့ ရုပ်အလောင်းတွေကို နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု အွယ်လောရွာအနီး ရွှေဂတ်(စ်)ပိုက်လိုင်း ကားလမ်းအနီးမှာ ဒေသခံတွေက ဇူလိုင် ၁၄ ရက်က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသွားသူ ရဲမေ ၆ ဦးအနက် ၂ ဦးမှာ ဦးခေါင်းနဲ့ ခြေထောက်ပိုင်း သေနတ်ဒဏ်ရာတွေ ရရှိထားပြီး ကျန်သူတွေကတော့ ဓားဒဏ်ရာနဲ့ ရိုက်နှက်ထားခံရတဲ့ ညိုမည်းဒဏ်ရာတွေ တွေ့ရှိရကြောင်းလည်း ဖော်ပြထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်းမှ လုံခြုံရေးတာဝန်ကျ တအာင်း တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး တချို့ဒဏ်ရာရရှိခဲ့တယ်လို့လည်း တီအန်အယ်လ်အေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့ အချိန်ဟာ တီအန်အယ်လ်အေ ထိပ်ပိုင်းခေါင်းဆောင်တချို့ ပြည်ထောင်စုငြိမ်းချမ်းရေညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။