DVB Logo
Home
မြန်မာသတင်း
အမေရိကန် အထက်လွှတ်တော်အမတ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေး
DVB
·
July 17, 2012
Donate to DVB

အမေရိကန်နိုင်ငံက လာမယ့်အပတ်ထဲမှာ သက်တမ်းတိုးဖို့ရှိနေတဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုဥပဒေတွေဖြစ်တဲ့ BFDA (Burma Freedom and Democracy Act) အဆိုကို တင်သွင်းထားတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်နဲ့ တယ်လီဖုန်းကတဆင့် ဆွေးနွေးခဲ့တာပါ။

မြန်မာပြည်သူလူထုတွေရဲ့ ဘ၀တွေ ပိုမိုတိုးတက်ကောင်းမွန်ရေး ကိစ္စတွေကို ရှေးရှုပြီးဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“ဆွေးနွေးကြတဲ့ အကြောင်းအရာက မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးက အခုဆိုရင် သံအမတ်တွေ ပြန်ခန့်တဲ့အဆင့်ထိ ရောက်လာပြီ်။ ဒါကလည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်နဲ့ လုပ်လာတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လာတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း တဖြည်းဖြည်း တတ်နိုင်သမျှ ပြုပြင်လာတယ်။ ဒါအတွက် အဲဒီလို တိုးတက်မှုလေးတွေ ဖြစ်လာတာ။ ဆက်ပြီး တိုးတက်စေဖို့ ပြောကြတာ။ နောက်တခုက မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲမှုတွေ လုပ်နေတယ်။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဖြစ်လာတဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေကို အရှိန်အဟုန် မြင့်လာအောင် ဆွေးနွေးကြတယ်။ ပြီးတော့ မြန်မာပြည်သူတွေရဲ့ ဘ၀ ပိုတိုးတက်ကောင်းမွန်လာဖို့ အရေးတွေ ဆွေးနွေးကြတယ်။ ဘာတွေ ထွက်ပေါ်လာမယ် ဆိုတာက စောင့်ကြည့်ရဦးမှာပါ။”

ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကို လွှတ်တော်ကဖြစ်စေ၊ ဆောင်ရွက်နိုင်သူ ဘယ်သူကဖြစ်စေ၊ ဘယ်လို နည်းလမ်းနဲ့ဖြစ်စေ ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ အတည်ပြု တောင်းဆိုခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အခုလို ဆွေးနွေးခဲ့တာလို့လည်း ဦးအုန်းကြိုင်ကဆိုပါတယ်။

“မြန်မာနိုင်ငံ စီးပွားရေး ပိတ်ဆို့မှုတွေ အမြန်ဆုံး ရုပ်သိမ်းဖို့အတွက် လွှတ်တော်က ဖြစ်စေ၊ ပြည်သူ တဦးတယောက်က ဖြစ်စေ၊ မည်သည့်နည်းနဲ့ ဖြစ်စေ၊ ဒါတွေကို ဖယ်ရှားပေးဖို့ ကြိုးပမ်းပါလို့ တောင်းဆိုပြီးတဲ့နောက် ဥက္ကဋ္ဌက တိုင်းပြည်အကျိုးကို ရှေးရှုပြီး သူ လုပ်သင့်လုပ်နိုင်တာကို စေတနာနဲ့ လုပ်ပေးတယ်လို့ ကျနော်မြင်တယ်။”

မြန်မာနိုင်ငံအတွင်းမှာ အရင်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

လွှတ်တော်အတွင်းမှာ တင်သွင်းတဲ့ အဆိုထဲမှာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းစစ်တွေ ဖြစ်နေရတယ်၊ ပြည်သူတွေ ဆင်းရဲရတယ်ဆိုတဲ့ အကြောင်းပြချက်တွေဟာ လုံလောက်မှုမရှိဘူးလို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုလို့ အမေရိကန်အစိုးရဟာ သူ့စည်းကမ်းများနှင့်အညီ အမေရိကန်အပါအ၀င် တခြား ဒီမိုကရေစီနိုင်ငံတွေက သူ့ဥပဒေ စည်းကမ်းများနှင့်အညီ လုပ်ထားတဲ့ ကိစ္စကို ကျနော်တို့ကလည်း ဘာတတ်နိုင်မှာလဲ။ သို့သော် ဒါကို ရုပ်သိမ်းဖို့ပြောတဲ့နေရာမှာ ကျိုးကြောင်းပြချက်တွေက ဆီလျော်ဖို့ကောင်းတာပေါ့။ ဥပမာ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆင်းရဲသားပြည်သူဘ၀ အရမ်းနစ်နာတယ်ပြောတယ်။ နောက်တခုက ပြည်တွင်းစစ်ကြီးတောင် ဒါကြောင့် မပြီးဘူးဆိုတာ ဒီလိုအကြောင်းပြချက်မျိုးကတော့ ဒါ မသင့်လျော်ဘူးလို့ ကျနော်ထင်တယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားခေါင်းဆောင်ကြီးရဲ့သမီးပဲလေ။ လွှတ်တော်ထဲလည်းရောက်နေပြီ။ ဥက္ကဋ္ဌဆီသွားပြီး ချဉ်းကပ်ပြောဆိုလည်း ပြီးတဲ့ကိစ္စ။ ကိုယ့်အချင်းချင်းပဲ။ ဒါကို မည်သူတဦးတယောက်က မည်သည့်နည်းလမ်းကိုသုံး၍ဖြစ်စေ ဆိုတာမျိုးက တမျိုးကြီးဖြစ်နေတာပေါ့။ ဥပမာ သင့်လျော်သောပုဂိုလ်က စွမ်းဆောင်နိုင်သောပုဂိုလ်က ဒီလို အသုံးအနှုန်းမျိုး သုံးရင် ဘယ်လောက်ကောင်းလိုက်မလဲ ကျနော်တို့က ဒါမျိုးစဉ်းစားပါတယ်။”

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ဒဏ်ခတ်မှုဥပဒေတွေကို အမေရိကန် အထက်လွှတ်တော် ကနေ သမ္မတဂျော့ဒဗလျူဘုရှ် လက်ထက် ၂၀၀၃ ခုနှစ် မှာ စတင်ချမှတ်ခဲ့တာပါ။ ဒီဥပဒေကိုပဲ ဆက်လက်သက်တမ်းမတိုး လာမယ့် သတင်းပတ်အတွင်း အမေရိကန်လွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ ရှိနေတာလဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013