Home
မေးမြန်းခန်း
မြန်မာ့လူ့အခွင့်အရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး
နော်နိုရင်း
·
July 17, 2012
ပြည်ပအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံ (HREIB) နဲ့ အစိုးရသစ်က ဖွဲ့စည်းပေးထားသော မြန်မာ့လူ့အခွင့်အရေးကော်မရှင်တို့ ဒီနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာလူ့အခွင့်အရေးကော်မရှင်က ဥက္ကဋ္ဌ ဦးဝင်းမရ၊ အတွင်းရေးမှူး ဦးစစ်မြိုင်နဲ့ ကော်မရှင်အဖွဲ့ဝင် ဦးလှမြင့် နဲ့ HREIB ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းတို့ ဒီနေ့ မနက် ၁၀ နာရီကနေ ၁၂ နာရီအထိ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ [caption id="attachment_28032" align="alignleft" width="300" caption="ဦးအောင်မျိုးမင်း"][/caption] တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ဦးအောင်မျိုးမင်းကို မေးမြန်းထားပါတယ်။ “စစချင်းကတော့ ကျနော်တို့အဖွဲ့ လုပ်ငန်းလုပ်နေတဲ့ အကြောင်းအရာတွေ၊ နောက် ဒီလာပြီးတော့ လူ့အခွင့်အရေးပညာပေးမှု လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင်မယ့် နည်းလမ်းတွေ၊ တိုင်ပင်ဆွေးနွေးမယ့်အကြောင်းတွေ အရင်ဆုံး ပြောဖြစ်ပါတယ်။ ကျနော်တို့ဘက်က ထုတ်ထားတဲ့ စာရွက်စာတမ်းတွေ စာအုပ်တွေပေးတယ်။ သူတို့အဖွဲ့ကလည်း ကော်မရှင်ကလုပ်နေတဲ့ လုပ်ငန်းတွေ ချိုးဖောက်မှုသတင်းတွေ တိုင်ကြားမှုအပိုင်းကဏ္ဍရယ်၊ လူ့အခွင့်အရေးပညာပေးမှုတွေ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဖလှယ်ပြီးတော့ ကျနော်တို့အမြင်တွေ ဖလှယ်တာတွေ၊ ပြီးတော့ ဘယ်အပိုင်းတွေမှာ လုပ်ဆောင်နိုင်မလဲ၊ ဘယ်လိုမျိုးလုပ်ဆောင်နိုင်မယ် ဆိုတာမျိုးတွေ ဆွေးနွေးဖြစ်ပါတယ်။” ဆွေးနွေးတဲ့အထဲမှာ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ၂ ဖွဲ့ပူးပေါင်းပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ ရှိလား။ “ဘယ်လိုမျိုး ပုံစံနဲ့ လုပ်ဆောင်မယ်၊ ဘယ်အချိန်မှာ စပြီးတော့ လုပ်ဆောင်မယ်ဆိုတာမျိုးတော့ တိတိကျကျကြီးတော့ အချိန်မကျသေးပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေးပညာပေးလုပ်ဆောင်နေတဲ့ ကျနော်တို့အဖွဲ့လုပ်ငန်းကို သူတို့အနေနဲ့ သဘောကျတယ်၊ အရမ်းကျေနပ်အားရမှုရှိတယ်ဆိုတဲ့ အမြင်မျိုးရရှိတယ်။ နောက် သူတို့အနေနဲ့ လူ့အခွင့်အရေးပညာပေးမှုလုပ်ငန်း လုပ်ဆောင်တဲ့အခါမှာ ၀န်ထမ်းရော၊ အတတ်ပညာပိုင်းရော၊ ငွေကြေးပိုင်းရော အားနည်းမှုတွေရှိနေတယ်။ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အောက်ခြေထိလုပ်ဆောင်မယ်ဆိုရင် အခက်အခဲအများကြီးရှိတဲ့အတွက် သူတို့ လူ့အခွင့်အရေးပညာပေးမှုလုပ်ဆောင်ဖို့ ကိစ္စတွေ ဆွေးနွေးဖို့အကြောင်း တွေ့ရတယ်။ အခက်အခဲတခုကတော့ ဒါမျိုးလုပ်ဆောင်မယ်ဆိုရင် အဖွဲ့အစည်းအနေနဲ့ မှတ်ပုံတင်တာ၊ ပြည်ထဲရေးဝန်ကြီးဌာနကတဆင့် မှတ်ပုံတင်နိုင်ပြီး လုပ်ဆောင်မယ်ဆိုရင် ပိုပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်မယ်ဆိုတဲ့ သဘောတရားမျိုးလည်း ကျနော်တို့ကြားခဲ့ရပါတယ်။” HREIB လိုမျိုး ပြည်ပမှာအခြေစိုက်တဲ့ အဖွဲ့အနေနဲ့ ပြည်တွင်းမှာသွားပြီးတော့ မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးကော်မရှင်နဲ့တွေ့ဆုံတဲ့အခါမှာ သူတို့ဘက်က လုပ်ဆောင်တဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ထောက်ပြချင်တာမျိုးတွေ ရှိပါလဲ။ “သူတို့ဘက်က လုပ်ဆောင်မှုတွေကို ပြောပါတယ်။ သူတို့အခု ၁၀ ဆ လောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေ၊ အားနည်းမှုတွေရှိတယ်ဆိုတာ ပြောပြပါတယ်။ ဒါကိုတော့ ကျနော်တို့လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ လူ့အခွင့်အရေးအရ ပြောဆိုနိုင်တဲ့ အနေအထားမျိုး၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဖိနှိပ်မှုဖြစ်ထားရတဲ့ ၁၀ စုနှစ်ပေါင်းများစွာ ဖြတ်သန်းတဲ့အခါမှာ ချက်ချင်းလက်ငင်းကြီး လုပ်ဆောင်မှုအပိုင်း အားနည်းနေတာ ရှိတယ်ဆိုတာ သူတို့တင်ပြမှုကို လက်ခံပါတယ်။ ဒါပေမယ့် အားနည်းနေတယ်ဆိုတာ မကဘဲ အားကောင်းအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့ ပုံစံတွေ ရှာကြံဖို့ လိုအပ်ပါတယ်။ သူတို့အနေနဲ့ကတော့ လူ့အခွင့်အရေးပညာပေးမှုနဲ့ ပတ်သက်တဲ့ အစိုးရပိုင်းတွေ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ ယူနီဆက်ဖ်တို့ အခြားအဖွဲ့အစည်းတွေရဲ့ အကူအညီ၊ ထောက်ပံ့မှုတွေနဲ့ ပညာပေးတာ၊ သင်တန်းပေးတာတွေ လုပ်ဆောင်နိုင်တယ်ဆိုတာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့က လူထုအခြေပြုအဖွဲ့အစည်းတွေရော၊ တခြား အောက်ခြေလူထုတရပ်လုံးအတွက် ပညာပေးနိုင်ဖို့ အချိန်တပြိုင်တည်း တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အဲ့အပိုင်းမှာတော့ လုပ်ဆောင်မှုအခြေအနေ မရှိသေးတာတွေ့ရပါတယ်။” “နောက်တခုက ပြည်ပအခြေစိုက်ခဲ့တဲ့ အဖွဲ့တွေဆိုရင် အစိုးရတွေကြားထဲမှာ၊ တာဝန်ရှိသူတွေကြားထဲမှာ အခုအချိန်ထိ အစိုးရကို ပုတ်ခတ် ပြောဆိုတဲ့ အဖွဲ့အစည်းသဘောမျိုးပဲမြင်နေတဲ့ သဘောရှိနေတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ကတော့ လူ့အခွင့်အရေးကိစ္စတွေ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ အဖြေရှာပြီး တယောက်နဲ့တယောက် ပုတ်ခတ်နေမယ့်အစား ပူးပေါင်းလုပ်ဆောင်တာတွေ၊ တယောက်နဲ့တယောက် အပြန်အလှန် အကျိုးပြုနိုင်တဲ့အပိုင်းတွေ၊ ဒါတွေလုပ်ဆောင်နိုင်ဖို့တော့ အများကြီး လိုအပ်နေသေးတယ်။ ဒါတွေလုပ်ဆောင်သင့်တယ်လို့လည်း ပြောချင်ပါတယ်။” HREIB အနေနဲ့ရော ပြည်တွင်းမှာသွားပြီး တရားဝင် ရုံးထိုင်အခြေချဖို့ ရှိပါလား။ “အဖွဲ့အစည်းအလိုက် သူတို့အကြံပေးထားသလိုပါပဲ။ မှတ်ပုံတင်ဖို့ကိစ္စတွေ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနခွင့်ပြုဖို့ကိစ္စ ဒါတွေကိုတော့ ပြင်ဆင်နေပါတယ်။ ဒါတွေဖြစ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒါပေမယ့် လူထုအခြေပြုအဖွဲ့တွေ ပြောသလို မှတ်ပုံတင်ကိစ္စတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကျော်ဖြတ်ဖို့ ကိစ္စတွေမှာ အခက်အခဲတွေရှိနေတုန်းပဲ။ ဒါကိုကြုံတွေ့ရဦးမှာပါပဲ။ ဒီလိုမျိုး အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ လူ့အခွင့်အရေးပညာပေးမှုမှာ အနှောင့်အယှက်ကင်းကင်းနဲ့ လုပ်နိုင်မယ်ဆိုရင် ကျနော်တို့ကတော့ ဘယ်သူနဲ့မဆို ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ အဆင့်သင့်ပါပဲ။” အရင်တုန်း ပြည်ပမှာ အခြေစိုက်ပြီး နယ်စပ်ဒေသ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး လုပ်ခဲ့တယ်။ အခု ပြည်တွင်းကို ရောက်တဲ့အခါကျတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာတွေ လိုအပ်နေတာကို တွေ့ရလဲရှင့်။ “လူ့အခွင့်အရေးအနေနဲ့ လူထု အခြေပြု အဖွဲ့တွေရော၊ လူ့အခွင့်အရေး ကော်မရှင်ကိုယ်တိုင်ကရော ဘာပြောလဲဆိုတော့ လူ့အခွင့်အရေးကို စနစ်တကျ လေ့လာပြီး ပညာပေးမှုတွေ ပေါ်လစီတွေ ချမှတ်နိုင်တဲ့ စွမ်းအင်ဖွံ့ဖြိုးမှု အပိုင်း အားနည်းနေတာ ရှိပါတယ်။ လူထုအခြေပြု အဖွဲ့တွေဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူ့အခွင့်အရေးကို ပညာပေးတာတွေ၊ လှုံ့ဆော်တာတွေ လုပ်တယ်။ ဒါပေမယ့် စနစ်တကျ လုပ်ဆောင်မှုတွေ အထူးသဖြင့် သင်တန်းတွေ ပို့ချပြီး လူထုကို စည်းရုံးနိုင်မယ့် နည်းပြအပိုင်းတွေမှာ အခုချိန်ထိ အားနည်းနေတယ်။ လုပ်ငန်းစဉ်တွေ တိုးချဲ့မယ်ဆိုရင် လူ့အခွင့်အရေး ပညာပေးနိုင်မယ့် နည်းပညာပိုင်းတွေကို ဖြည့်ဆည်းဖို့ အခက်အခဲ အများကြီး ရှိနေတုန်းပါပဲ။ “နောက်တခုက အစီရင်ခံစာတွေ လုပ်ဆောင်ဖို့ လူ့အခွင့်အရေး ကော်မရှင်ကို မေးမြန်းတဲ့အခါမှာ မြန်မာနိုင်ငံက နိုင်ငံတကာမှာ တာဝန်ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တင်ရမယ့် မြန်မာနိုင်ငံ ယူပီအာရ် စာချုပ်တွေ၊ ကလေးစာချုပ်တွေနဲ့ ပတ်သက်ပြီး သူတို့မှာ တာဝန်ရှိပေမယ့် ဒီအပိုင်းကို လုပ်ဆောင်ဖို့ အချိန်၊ လူအင်အားတွေ လိုအပ်တယ်ဆိုတာ သူတို့ ထောက်ပြတယ်။ အဲဒီ ၂ ချက်ကိုတော့ ကျနော် ကောင်းကောင်းတွေ့ရပါတယ်။” တခြားရော ဘာပြောချင်တာ ရှိသေးလဲ။ “ကျနော်တို့အနေနဲ့ မေးတဲ့မေးခွန်းတခုကတော့ အခုလောလောဆယ် လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ဥပဒေမူကြမ်းကို သူတို့ တင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ ကြားတယ်။ အဲဒါနဲ့ ပတ်သက်လို့ မေးတဲ့အခါမှာ သူတို့ဘက်ကတော့ နိုင်ငံတကာအဖွဲ့ ဥပမာ ဒေသဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီးတော့ သူတို့ဘက်က တင်ပြချင်တဲ့မူကြမ်းကို သမ္မတရုံးကို တင်ပြခဲ့ပြီလို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီမူကြမ်းနဲ့ ပတ်သက်ပြီး ရှေ့ဆက်ပြီး ဘယ်အချိန်မှာ လွှတ်တော်ကို ဘယ်လိုတင်မလဲ၊ ဘာတွေ ထပ်ဖြစ်မလဲဆိုတာကို သမ္မတရုံးမှာ ရှိတဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေရဲ့ အပိုင်းဖြစ်တယ်။ အဲဒါတွေ လက်ရှိ အခြေအနေ သိရတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ လူထုတွေ သိအောင် ချပြတာတွေ၊ တိုင်ပင်ညှိနှိုင်းမှု ရှိလားဆိုတဲ့ မေးခွန်းကိုတော့ သူတို့အနေနဲ့ သူတို့အပိုင်း မဟုတ်ဘူးလို့ ပြောပြသွားတယ်။ ဒါကတော့ နောက်ပိုင်းမှာ သက်ဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့တွေက ဆက်လက် လုပ်ဆောင်သွားမယ်ဆိုတာကို သူတို့က တင်ပြသွားပါတယ်။” အခုလို တွေ့ဆုံပြီး နောက်ပိုင်းမှာရော ဘာတွေ လုပ်ဖို့ ရှိသေးလဲ။ “ဒီနေ့ တွေ့ဆုံပွဲကတော့ သူဘက်ကိုယ့်ဘက် အမြင်ဖလှယ်တာတွေ၊ လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေ ကြည့်ပြီး ဘယ်အပိုင်းတွေမှာ နားလည်မှုနဲ့ လုပ်ဆောင်နိုင်မလဲဆိုတာ အဖြေရှာတာပါ။ ပထမဦးဆုံး တွေ့ဆုံမှု ဖြစ်တဲ့အတွက် အစီအစဉ် စနစ်တကျကြီး ဖြစ်သွားတာ မရှိပေမယ့် တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အမြင်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသလို ကျနော်တို့ဘက်ကလည်း ဖြစ်ချင်တဲ့ အကြောင်းအရာကို ပြနိုင်တာ ပထမဦးဆုံး တွေ့ဆုံမှုအရဆိုရင် အကျိုးရှိတယ်လို့ သုံးသပ်မိပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024