DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် နှိပ်စက်ခံရသည့် မြန်မာအလုပ်သမားများ ထွက်ပြေးလွတ်မြောက်
DVB
·
July 17, 2012
Donate to DVB

တရုတ်နဲ့ တောင်ကိုရီးယားနယ်စပ်က ပင်လယ်ကမ်းရိုးတန်းမြို့တမြို့မှာ တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ နှိပ်စက် အနိုင်ကျင့်မှုနဲ့ လုပ်အားခအပြည့်အ၀ မပေးမှုတို့ကြောင့် ထွက်ပြေးလာကြပါတယ်။

တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသ ရှန်တုံပြည်နယ် (ShanDong) ထဲက ပင်လယ်ငါး ထုတ်လုပ်တဲ့ စက်ရုံတခုမှာ သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၁၈ ဦးဟာ အလုပ်ခွင်မှာ ညှဉ်းပန်းနှိပ်စက်ခံရမှုနဲ့ လုပ်အားခ အပြည့်အ၀ မရမှုတို့ကြောင့် ပြန်လည်ထွက်ပြေးလာခဲ့ကြတာပါ။

မြန်မာအလုပ်သမားတွေဟာ ကိုရီးယားနဲ့ ဂျပန်ကို တင်ပို့တဲ့ ပင်လယ်ငါး ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ စက်ရုံမှာ ငါးခွဲ၊ ငါးခေါင်းဖြတ် စတဲ့ ငါးခုတ်တဲ့ အလုပ်တွေ လုပ်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စက်ရုံမှာ တရုတ် အမျိုးသားတဦးရဲ့ ပစ္စည်းပျောက်တာကို အကြောင်းပြုပြီး တရုတ်နဲ့ မြန်မာ အလုပ်သမားတွေ အကြား ခိုက်ရန်ဖြစ်ပွားပြီးနောက်မှာ ခုလို ထွက်ပြေးလာတာလို့ မိထ္ထီလာမြို့ကနေ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်တဲ့ အလုပ်သမား ကိုအောင်အောင်က ပြောပါတယ်။

“တရုတ်တယောက်က သူ့ရဲ့တန်ကြေးမရှိတဲ့ပစ္စည်း ပျောက်တာကို ဗမာတွေအကုန်လုံးကို သိမ်းကျုံးဆဲတော့ နားလည်တဲ့ကောင်တယောက်က ဒေါသဖြစ်ပြီး စကားများတာနဲ့ တရုတ်တွေက အကုန်ဝိုင်းချတာပဲ။ ဓားတွေရော၊ တုတ်တွေနဲ့၊ တွေ့တာနဲ့ ၀ိုင်းချတာ။ ဗမာတွေကလည်း ကိုယ့်လူမျိုးတွေ ခံရတော့ ၀ိုင်းပြီးပြန်ချရင်းနဲ့ အကြီးအကျယ်ဖြစ်တော့တာပဲ။ တရုတ်ဘက်ကလည်း သွေးထွက်သံယိုတယောက်ဖြစ်တယ်။ ဗမာတွေဘက်ကလည်း ခေါင်းပေါက်တဲ့ သူပေါက်၊ လက်တွေ ပေါက်တဲ့သူက ပေါက်၊ ရိုက်ခံရတဲ့သူတွေက ခုထိ ခါးနာတဲ့သူတွေလည်း ရှိတယ်။ တရုတ်တွေက ၀ိုင်းချတော့ ဗမာတွေလည်း မနေရဲတော့ဘူးပေါ့။ ရှိတဲ့သူတွေ အကုန်လုံးက ပြန်လာချင်တယ်။ ဒါပေမယ့် တချို့က ပြန်လာလို့မရဘူး။”

မြန်မာပြည်ဒေသအနှံ့က လူငယ်အလုပ်သမားတွေဟာ လစာ ၁ လကို တရုတ်ယွမ်ငွေ ၂၀၀၀ လောက်ရမယ်ဆိုပြီး ရွှေလီ-ကျယ်ဂေါင် နယ်စပ်မှာ မြန်မာ ပွဲစားတဦးက လာရောက်စည်းရုံးခဲ့တဲ့အတွက် တရုတ်နိုင်ငံထဲ တရားမ၀င် လမ်းကြောင်းနဲ့ ဝင်ရောက် အလုပ်လုပ်ကိုင်ကြတာပါ။

ဒါပေမယ့် ပွဲစားပြောသလို လုပ်အားခ အပြည့်အ၀ မရခဲ့ကြဘူးလို့ ကိုအောင်အောင်က ပြောပါတယ်။

“အလုပ်ဝင်ဝင်ချင်း ပြောတာက တရုတ် ယွမ်ငွေ ၁၅၀၀၊ ၂၀၀၀ နဲ့ ၃၀၀၀ အထက်မှာ ရှိတယ် ပြောတယ်။ ကျနော်တို့ တကယ်သွားလုပ်တော့ လစာက တရက်ကို ဘယ်လောက်၊ တလကို ဘယ်လောက်ရမှန်းလည်း မရေရာဘူး။ အခု ၄၊ ၅ လ လုပ်ပြီး ပြန်လာတဲ့သူတွေရော၊ ၇ လ၊ ၈ လ လုပ်ပြီး ပြန်လာတဲ့ သူတွေရော လမ်းစရိတ်တောင် အနိုင်နိုင်ဖြစ်နေတာ။ လမ်းမှာလည်း အငတ်ငတ် အပြတ်ပြတ်နဲ့ သူများတွေ စားသလို ကျနော်တို့ မစားနိုင်ဘူး။”

မြန်မာအလုပ်သမားတွေဟာ ယူနန်ပြည်နယ် ကူမင်းမြို့ဘက်ကို ဘတ်စ်ကားနဲ့ ပြန်လာနေကြရာမှာ လမ်းခုလတ်မှာပဲ ရှိနေဆဲဖြစ်ပြီး ညပိုင်းလောက်မှာမှ မြန်မာနယ်စပ်ကို ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာအလုပ်သမားတွေ သွားရောက်လုပ်ကိုင်တဲ့ ရှန်တုံပြည်နယ်ဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံအကြား ပင်လယ် တဖက်တချက်မှာရှိတဲ့ နယ်စပ်မြို့ဖြစ်ပြီး ရွှေလီကနေ ၃ ည အိပ် ၄ ရက် ခရီး ဘတ်စ်ကားနဲ့သွားရတဲ့ဒေသ ဖြစ်ပါတယ်။

အဲဒီဒေသမှာ မြန်မာအလုပ်သမား ထောင်နဲ့ချီ သွားရောက် အလုပ်လုပ်ကိုင်နေကြပြီး အခု ထွက်ပြေးလာတဲ့ မြန်မာအလုပ်သမားတွေ လုပ်ကိုင်ခဲ့တဲ့ ပင်လယ်ငါး စက်ရုံမှာတော့ မြန်မာအလုပ်သမား ၃၀ နီးပါး ကျန်ရှိနေတုန်းပဲလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013