Home
မြန်မာသတင်း
ရခိုင်အရေး စုံစမ်းရေးကော်မရှင်တွင် နိုင်ငံတကာမှပုဂ္ဂိုလ်တဦးပါဝင်မှု ၂၃ ပါတီ ကန့်ကွက်
DVB
·
July 16, 2018
ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာမှ ပုဂ္ဂိုလ်တဦးပါဝင်တဲ့ ကော်မရှင်ဖွဲ့စည်းတာကို မလိုလားကြောင်း နိုင်ငံရေးပါတီ ၂၃ ပါတီက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ လုံခြုံရေးတပ်တွေရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတရပ်ဖွဲ့စည်း ရာမှာ နိုင်ငံတကာမှပုဂ္ဂိုလ်ကြီးတဦးပါဝင်စေတာဟာ  မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတယ်လို့ အမျိုးသားဒီမိုရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်က ပြောပါတယ်။ “ကျနော်တို့နိုင်ငံဟာ အချုပ်အခြာပိုင်နိုင်ငံ၊ အချုပ်အခြာအာဏာကို မြန်မာနိုင်ငံသားတွေ ပိုင်တယ်လို့ ဒါက အတိအလင်းအခြေအခံဥပဒေမှာ ပြဋ္ဌာန်းပြီးသား။ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တာကို နိုင်ငံခြားသားတွေရဲ့ လက်ထဲကို ၀ကွက်တာ မှန်သမျှဟာ၊ မူအရ တိုင်းပြည်ရဲ့ လက်ရှိပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံအရ သော်လည်းကောင်း၊ နိုင်ငံအပေါ်မှာ သစ္စာခံရမယ့် နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံရဲ့ပြဿနာကို ကိုယ့်တိုင်းရင်းသား၊ ကိုယ့်နိုင်ငံတွင်းမှာ ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးတွေရှိရဲ့သားနဲ့ နိုင်ငံခြားလက်ထဲ ထိုးအပ်တယ် ဆိုတာ ဘယ်လိုမှ မလုပ်ကောင်းမလုပ်သင့်တဲ့အရာပဲ။” ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းစဉ်တုန်းကလည်း  အဆိုပါ နိုင်ငံရေးတွေထဲက ပါတီ ၁၁ ပါတီကနေစပြီးတော့ ကန့်ကွက်ခဲ့တယ်လို့ လည်း ဦးသိန်းညွန့်က ပြောပါတယ်။ “ကိုဖီအာနန်ကော်မရှင်ကို နိုင်ငံခြားသားလက်ထဲထိုးအပ်ခဲ့တဲ့ အကျိုးဆက်တွေ ကတော့ ဒီအစီရင်ခံစာ အပ်တဲ့နေ့မှာပဲ အာဆာနဲ့ ဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှု ခံရတယ်။ ဒီနေ့နိုင်ငံတကာရဲ့ ကျနော်တို့ တိုင်းပြည်အပေါ်မှာ ၀င်ရောက်စွက်ဖက်မှုတွေ အလွန်အမင်း ဖြစ်လာတဲ့အခြေအနေအထိ ဖြစ်လာတာအားလုံးဟာ နိုင်ငံခြားသားတွေကို ဆရာတင်ပြီးတော့ အချုပ်အခြာ အာဏာကိစ္စတွေမှာ ၀င်ပြီးတော့ ဆောင်ရွက်ခိုင်းတဲ့အတွက် ပေါ်ပေါက်လာတဲ့ ရလဒ်တွေပဲလို့ ကျနော်တို့နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေယုံကြည်လို့ ၁၁ ပါတီကနေ အခု ၂၃ ပါတီအထိ အချုပ်အခြာအာဏာကို နိုင်ငံခြားလက်ထဲ ၀ကွက် မအပ်ရဘူးဆိုတာ မူတရပ်အနေနဲ့ ခိုင်ခိုင်မာမာ ကျနော်တို့အသံထွက်ပြီး ပြောနေတာပါ။ ” ဒါ့အပြင် လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့ အသုံးအနှုံးတွေအရ  ဘင်္ဂါလီတွေကို ပြန်လည်လက်ခံရာမှာ မြန်မာဘက်က နစ်နာစေမယ့် အသုံးအနှုန်းတွေရှိနေတာ စိစစ်တွေ့ရှိရတယ်လို့လည်း ၂၃ ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ပြည်သူ့ကောင်းကျိုးနဲ့ ဆန့်ကျင်တဲ့ ပြည်ပစွက်ဖက်မှုမှန်သမျှကို ထိရောက်စွာ တားဆီးနိုင်ရေး နိုင်ငံရေးပါတီတွေအနေနဲ့ အားကြိုးမာန်တက် ဆောင်ရွက်သွား မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အခုလို တောင်းဆိုတဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် စတဲ့ ၂၃ ပါတီ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ အာဆာအကြမ်းဖက်အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်တဲ့ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခုကို ဖွဲ့စည်းသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက မေလ ၃၁ ရက်ကတည်းက ထုတ်ပြန်ထားပါတယ်။ ကော်မရှင်မှာ နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတဦးအပါအဝင် အဖွဲ့ဝင် သုံးဦးပါဝင်မှာဖြစ်ပြီး ကော်မရှင်ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ ဥပဒေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေက ပံ့ပိုးပေးမယ်ဆိုထားပါတယ်။ အဆိုပါ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတဦးဆိုတာ ဘယ်သူဘယ်ဝါလဲ ဆိုတာကို အစိုးရက ခုချိန်ထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမယ့်  ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အရှေ့တီ မောနိုင်ငံ သမ္မဟောင်းနဲ့ ၀န်ကြီးချုပ်ဟောင်း ဟိုဆေးရာမို့စ်ဟော်တာ ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024