Home
ဆောင်းပါး
ဇာတ်ရည်မလည်သေးတဲ့ တတိယပင်လုံ
DVB
·
July 16, 2018
နေပြည်တော်က ကျယ်ဝန်းသန့်ရှင်းပြီး ကြီးကျယ်ခမ်းနားတဲ့ အဆောင်ဆောင်တွေ တည်ရှိတဲ့ ဟိုတယ်ကြီးတခုရဲ့ အဆောင်တခုမှာ မီဒီယာသမား အယောက် ၅ဝ လောက် စုရုံးရောက်ရှိနေကြတယ်။ တိုင်းရင်းသားဝတ်စုံနဲ့ လူတချို့ ဝင်ထွက်သွားလာနေကြသလို တရုတ်လူမျိုးတချို့လည်း ဝင်ထွက်သွားလာနေကြတယ်။ ရှမ်းတိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားတဲ့ အသက်ကြီးကြီး တိုင်းရင်းသားကြီး တယောက် ခန်းမထဲဝင်လာတော့ မီဒီယာသမားတွေ သူ့နား ဝိုင်းအုံသွားကြတယ်။ ဟိုက ခေါင်းတခါခါနဲ့ ခန်းမထဲဝင်သွားတော့ ကင်မရာကိုယ်စီနဲ့ မီဒီယာသမားတွေ လူစုကွဲသွားကြပြန်တယ်။ ဟိုတယ် အဆောင်ဆင်ဝင်အောက်ကို ကားတစီး ဆိုက်လာတိုင်း ကင်မရာကိုယ်စီနဲ့ မီဒီယာသမားတွေဟာ ကင်မရာတပြင်ပြင် လုပ်ကြတယ်။ သူတို့အားလုံး ဒီနေရာကို စုဝေးရောက်ရှိနေရခြင်း အကြောင်းရင်းက တတိယပင်လုံညီလာခံ လာတက်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က ဒီနေရာမှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတဲ့ သတင်းကြောင့်ပဲ ဖြစ်တယ်။ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ကြားလို့ လာခဲ့တာပဲလို့သာ ပြောနိုင်ကြတယ်၊ တိကျသေချာတဲ့ သတင်းကို ဘယ်သူမှ မပြောနိုင်ဘဲ ရှိတယ်။ တအောင့်နေတော့ ခန်းမရှေ့ ဘယ်ဘက်ခြမ်းကို မီဒီယာသမားတွေ စုဝေးရောက်ရှိသွားပြန်တယ်။ လှမ်းကြည့်လိုက်တော့ ငြိမ်းချမ်းရေးညီလာခံတွေမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကေအိုင်အို ကချင်တပ်ဖွဲ့က ဗိုလ်ချုပ်ဂွန်မော်ကို လှမ်းတွေ့လိုက်ရတယ်။ မီဒီယာသမားတွေအလယ်မှာ ဗိုလ်ချုပ်ဂွန်မော် မြုပ်နေပြီး တအောင့်နေ လူစုကွဲသွားတယ်။ မကြာခင်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နဲ့ တရုတ်အထူးသံတို့ ဟိုတယ်ခန်းမထဲ ဝင်လာကြပြီး ခန်းမတခုထဲ တိုးဝင်ပျောက်ကွယ်သွားကြတယ်။ မီဒီယာသမားအပေါင်းကတော့ ဟိုတယ်ခန်းလယ်မှာ ယောင်လည်လည် လုပ်နေကြတုန်းပဲ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးထဲမှာ အင်အားအတောင့်တင်းဆုံး ဖြစ်တဲ့ ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ ခုက ကိုယ်စားလှယ်တွေဟာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ နေပြည်တော်မှာလုပ်တဲ့ တတိယပင်လုံညီလာခံ အစည်းအဝေးကို ရောက်လာပြီး အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြတယ်။ သူတို့ ဘာတွေ ပြောဆိုဆွေးနွေးဖြစ်ကြသလဲဆိုတာ သိချင်ကြတဲ့ မီဒီယာသမားတွေဟာ မြောက်ပိုင်းတပ်ဖွဲ့က သတင်းစာရှင်းမယ်ကြားလို့ စုဝေးရောက်ရှိခဲ့ကြတာ ဖြစ်ပေမယ့် အဲဒီ ဇူလိုင် ၁၂ ရက်က သတင်းစာရှင်းလင်းပွဲ မလုပ်ဖြစ်ခဲ့ဘူး။ မြောက်ပိုင်းတပ်ဖွဲ့တို့ရဲ့ နေပြည်တော်အစီအစဉ်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ အစီအစဉ်တခု ပါတယ်ဆိုတာပဲ သိခွင့်ရပြီး အဲဒီညနေခင်းမှာ မီဒီယာသမားတွေ တဦးချင်း တဖွဲ့ချင်း အုပ်စုခွဲပြီး တည်းခိုရာ အသီးသီးဆီ လှည့်ပြန်ခဲ့ကြတယ်။ တတိယပင်လုံညီလာခံ ကျင်းပပြုလုပ်နေတဲ့ ကာလအတွင်း နေပြည်တော်ကို ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အစုအဖွဲ့ ၃ ဖွဲ့ တွေ့ရတယ်။ အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တပ်ဖွဲ့ ၁ဝ ခုက တစုတဖွဲ့၊ အစိုးရနဲ့ အပစ်မရပ်သေးတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က တစုတဖွဲ့၊ တခါ အပစ်မရပ်တရပ် ဖြစ်နေတဲ့ ကေအန်ပီပီ ကရင်နီတပ်ဖွဲ့က တစုတဖွဲ့။ ဒီအစုအဖွဲ့ ၃ ဖွဲ့စလုံးက ကိုယ်စားလှယ်တွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က လက်ခံတွေ့ဆုံ ဆွေးနွေးတယ်။ အဲဒီအစုအဖွဲ့ ၃ ဖွဲ့စလုံးက ကိုယ်စားလှယ်တွေကို အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်ကလည်း တွေ့ဆုံဆွေးနွေးတယ်။ သတင်းတွေအရ တတိယပင်လုံပြင်ပ တွေ့ဆုံဆွေးနွေးမှုတွေက ပိုအလုပ်ဖြစ်တယ်လို့ သိရတယ်။ ဥပမာတခု ကောက်ကာငင်ကာ ပြောရရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြတော့ မြောက်ပိုင်းတပ်ဖွဲ့တို့ဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေကို ပြန်သုံးသပ်ချင်တယ်လို့ တောင်းဆိုတယ်။ တပ်မတော်ဘက်က ပြန်သုံးသပ်ခွင့်ပြုတယ်။ ဒီလို သတင်းကောင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး ဒီသတင်းအရဆို အန်စီအေပြင်ပ လမ်းရွေးထားတဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေဟာ အန်စီအေလမ်းကို ပြန်လျှောက်ကြဖို့ရှိတယ်။ တခါ စောစောကပြောတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အစုအဖွဲ့ ၃ ခုတို့ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုတွေလည်း တတိယပင်လုံကာလအတွင်း ဖြစ်ထွန်းပေါ်ပေါက်နေပြီး ဒီလို တွေ့ဆုံဆွေးနွေးမှုတွေကနေ အန်စီအေလမ်းမှာ အတူတကွ လျှောက်လှမ်းကြဖို့ဆိုတဲ့ ရလဒ်ကောင်း ထွက်ပေါ်လာဖို့ ရှိနေပြန်တယ်။ နေပြည်တော်က အစောပိုင်းပြောတဲ့ ကျယ်ဝန်းကြီးမားတဲ့ ဟိုတယ်ကြီးရဲ့ အဆောင်ဆောင် အခန်းခန်းတွေကြားမှာ တိုင်းရင်းသားတပ်ဖွဲ့အစုအဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်တွေကို တင်ဆောင်ထားတဲ့ ကားတွေ၊ တရုတ်သံအမတ်တွေကို တင်ဆောင်ထားတဲ့ ကားတွေဟာ တစီးဝင် တစီးထွက်နဲ့ ပျားပန်းခတ်လှုပ်ရှားလို့ နေတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်အစိုးရဟာ အထူးသံလွှတ်ပြီး စိတ်ရောကိုယ်ပါမက ငွေအား လူအားနဲ့ပါ အကြီးအကျယ် ကူညီထောက်ပံ့ပေးနေတယ် ဆိုတာကို ဒီမြင်ကွင်းတွေက သက်သေပြနေတယ်။ တခုတော့ရှိပြီး အဲဒါကတော့ နောက်တရက် ဇူလိုင် ၁၃ မှာ အဲဒီဟိုတယ်ခန်းမထဲကို မီဒီယာဝင်ခွင့် ပိတ်လိုက်တာပဲ ဖြစ်ပါတော့တယ်။ မြောက်ပိုင်းတပ်ဖွဲ့ထဲ ပါလာတဲ့ ကေအိုင်အိုကိုယ်စားလှယ် ဗိုလ်ချုပ်ဂွန်မော်ဟာ မီဒီယာနဲ့ ရင်းနှီးသူဖြစ်ပြီး မီဒီယာကို အကျိုးရှိရှိ သုံးတတ်သူလည်း ဖြစ်တာမို့ သူ့ဆီက သတင်းတချို့ ထွက်သွားမှာကို စိုးရိမ်ဟန်တူတယ်လို့ ထင်မြင်ရတယ်။ တဖက်မှာလည်း မီဒီယာကြောင့် အခြေအနေကောင်းနေတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပျက်သွားမှာ စိုးရိမ်ဟန်လည်း ရတယ်။ ဒါက အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ဆွေးနွေးပွဲလမ်းစဉ်တလျှောက် တွေ့ကြုံရတဲ့ အခြေအနေတရပ်လည်း ဖြစ်ပါတယ်။ အဓိက အထူးပြုပြီး ကျင်းပနေတဲ့ တတိယပင်လုံညီလာခံဘက် ကြည့်တော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ စတဲ့ စတဲ့ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ပြီး မြေယာ၊ လူမှုရေး စတဲ့ အကြောင်းအရာအလိုက် ဆွေးနွေးပွဲတွေကို စတင်နေပြီဖြစ်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ချပေးတဲ့ ကဏ္ဍ ၅ ခုအတွက် အချက် ၁၄ ချက်ကို ညီလာခံ ကိုယ်စားလှယ်တွေက ဝိုင်းဝန်းဆွေးနွေးနေကြတာဖြစ်ပြီး သူတို့ ဆွေးနွေးလို့ ရတာတွေကို UPDJC ထံ ပြန်တင်ပြ၊ ဟိုက သဘောတူ ဆုံးဖြတ်ရင် ပြည်ထာင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၂ ထွက်ပေါ်လာမှာ ဖြစ်တယ်။ ဒုတိယအကြိမ်ပင်လုံက ရရှိထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁ ပါ ၃၇ ချက်နဲ့ ပေါင်းရင် ပြည်ထောင်စုသဘောတူစာချုပ် သဘောတူညီချက်ပေါင်း ၅ဝ လောက် ရရှိဖို့ မျှော်မှန်းလုပ်ဆောင်နေတာ ဖြစ်တယ်။ ဇူလိုင် ၁၄ ရက် မနက် ထွက်ပေါ်လာတဲ့ သတင်းအရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး သုံးရက်မြောက်နေ့ ကဏ္ဍအလိုက် ဆွေးနွေးမှုများမှာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အဆိုပြုချက်များအပေါ် အစုအဖွဲ့အသီးသီးက သဘောတူညီတယ်။ နိုင်ငံရေးကဏ္ဍမှာ တင်သွင်းထားတဲ့ အချက် ၄ ချက်အပေါ် စကားလုံး ထပ်မံ ထည့်သွင်းမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှု ရှိနေတယ်။ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ တင်သွင်းထားတဲ့ အချက်များအပေါ် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့က သဘောတူညီပေမယ့် နိုင်ငံရေးပါတီ အစုအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်က စကားလုံးပိုင်းဆိုင်ရာ ပြင်ဆင်ဖြည့်စွက်လိုမှု ရှိနေသေးတယ်။ နေပြည်တော် မိုးဖွဲတွေကြား တတိယပင်လုံ တက်လာကြတဲ့ အဖွဲ့အစည်းအသီးသီး အထူးသဖြင့် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက ကိုယ်စားလှယ်တွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေ၊ ဘေးတိုက်ဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်နေတာ ကြားမြင်တွေ့ရှိနေရပြီး တွေ့တုန်းဆုံခိုက် ရလဒ်ကောင်းတွေထွက်အောင် ကြိုးပမ်း လုပ်ဆောင်နေကြတယ်။ ရန်ကုန်၊ သမ္မတ အိမ်တော်ဝင်းထဲ လုပ်ခဲ့ဖူးတဲ့ အမျိုးသားညီလာခံ၊ မှော်ဘီ ညောင်နှစ်ပင်မှာလုပ်ခဲ့တဲ့ အမျိုးသားညီလာခံ ဆိုတာတွေထက် စာရင်တော့ ငြင်းကြ ခုံကြနဲ့ ပိုပြီးအသက်ဝင်တယ်လို့ ဆိုနိုင်ပေမယ့် အရေးကြီးတဲ့ လုံခြုံရေးကဏ္ဍလိုဟာမျိုး ဆွေးနွေးခွင့်မရလို့ အားမလိုအားမရ ဖြစ်နေတဲ့ ကိုယ်စားလှယ်တွေလည်း ရှိတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဆွေးနွေးမှုတွေမှာ အဖြည့်ခံသက်သက် တက်ရောက်ဆွေးနွေးနေရတယ်လို့ ရင်ဖွင့်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း ကြုံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တတိယပင်လုံမှာ အစိုးရနဲ့ အဆက်ပြတ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ ညီလာခံရောက်လာပြီး ပြောကြဆိုကြ ဆွေးနွေးကြလို့ အတိုင်းအတာတရပ်အထိ အကျိုးရှိတယ်လို့ မြင်တယ်။ အလွတ်သဘောနဲ့ ဘေးတိုက်ဆွေးနွေးပွဲတွေ ဆက်လက် ကျင်းပပြုလုပ်ပြီး ၂ဝ၂ဝ မှာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ အစိုးရရဲ့ မျှော်လင့်ချက် ရှင်သန်နေဖို့လည်း အရေးကြီးတယ်။ အခုထိတော့ တတိယပင်လုံက ဇာတ်ရည်မလည်သေးဘဲ ရှိနေပါတယ်။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024