Home
မြန်မာသတင်း
ရန်ပုံငွေ ၅.၂ ဘီလီယံကိစ္စ သမ္မတရုံး ညွှန်ကြားချက်အတိုင်း လိုက်နာမည်
DVB
·
July 16, 2018
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းက မလွှဲပြောင်းပေးခဲ့တဲ့ ရန်ပုံငွေ ကျပ်သန်း ၅၀၀၀ ကျော်ကိစ္စ သမ္မတရုံးရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာသွားမယ်လို့ ရန်ပုံငွေ လက်ခံထားတဲ့ ဖောင်ဒေးရှင်းတာဝန်ရှိသူ ဦးကြည်အောင်က ဇူလိုင်လ ၁၅ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။ အရင် အစိုးရလက်ထက်က ရန်ပုံငွေ ၅ ဒသမ ၂ ဘီလီယံ (ကျပ်သန်း ၅၂၀၀) အား အစိုးရသစ်ကို မလွှဲပြောင်းခဲ့ဘဲ ဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်ဟောင်း ဝန်ကြီးအချို့ နာယကအဖြစ်ပါဝင်တဲ့ ဧရာဝတီပညာ၊ ကျန်းမာဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းကို လွှဲပြောင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး “ငါတို့ကပြည်သူဖြစ်တဲ့ အခါကျတော့ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိပါတယ်။ အဆင်ပြေအောင် ဆောင်ရွက်နေ ပါတယ်။ သမ္မတရုံးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာသွားပါမယ်” လို့ ဦးကြည်အောင်က ပြောပါတယ်။ ဧရာဝတီတိုင်း အစိုးရဟောင်းက လွှဲပြောင်းပေးဖို့ ကျန်နေတဲ့ ကျပ်သန်းထောင်ချီတဲ့ အစိုးရရန်ပုံငွေတွေကို ဧရာဝတီတိုင်းဒေသကြီးအစိုးရထံ လွှဲပြောင်းပေးဖို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက် လက်ခံရရှိထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးက ဒီဗွီဘီကိုပြောပါတယ်။ စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက “သမ္မတရုံးရဲ့ ညွှန်ကြားချက်ကို ဒီလထဲ သိပ်မကြာခင်ကရရှိခဲ့ပါတယ်။ တဖက်ကိုလည်း အကြောင်းကြားထားပါတယ်" လို့  ပြောပါတယ်။ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို ကိုဆက်သွယ် မေးမြန်းရာမှာတော့ ဒီကိစ္စဟာ ဖောင်ဒေးရှင်းနဲ့ပဲ သက်ဆိုင်တယ်လို့ ပြောပါတယ်။ အရင်ကတော့ ဒီဖောင်ဒေးရှင်းငွေတွေဟာ ပြင်ပကလှူတဲ့အလှူငွေဖြစ်ပြီး အစိုးရနဲ့ မသက်ဆိုင်တာကြောင့် မလွှဲခဲ့တာလို့ ဦးဝင်းကိုကိုက ဒီဗွီဘီကိုဖြေကြားခဲ့ဖူးပါတယ်။ အစိုးရအဖွဲ့ဟောင်းလက်ထက် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး(ငြိမ်း) လည်းဖြစ်၊ လက်ရှိဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမောင်မောင်ဝင်းကတော့ အရင် တိုင်းအစိုးရအဖွဲ့က ဦးဆောင်ခဲ့တဲ့ ဧရာဝတီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကနေ လက်ရှိ ဧရာဝတီ ပညာ၊ ကျန်းမာ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို ၅.၂ ဘီလျံ လှူဒါန်းခဲ့တာလို့  ပြီးခဲ့တဲ့နှစ် မေလမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရန်ပုံငွေကိစ္စနဲ့ပတ်သက်ပြီး ဖျာပုံမဲဆန္ဒနယ်က တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဧရာဝတီတိုင်း လွှတ်တော်မှာ  ၂၀၁၆ ခုနှစ်က မေးမြန်းခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာတော့ ရန်ပုံငွေကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ဆေးပြီး သမ္မတရုံးကိုပေးပို့ဖို့ စာရင်းစစ်ချုပ်ရုံးကထုတ်ပြန်ပြီး မကြာခင်ရက်ပိုင်းမှာပဲ ရန်ပုံငွေတွေပြန်လွှဲဖို့ သမ္မတရုံးကညွှန်ကြားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024