တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ဆွေးနွေးမည်
နော်နိုရင်း
·
July 16, 2012
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ ဆွေးနွေးပေးဖို့ရှိနေပါတယ်။
တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်က လွှတ်တော်တွင်း အဆို တင်သွင်းခဲ့ပါတယ်။
ဒီအဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးပေးဖို့ တောင်းဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စ ၁၉၉၀ အနိုင်ရ တိုင်းရင်းသားပါတီရဲ့ သဘောထားကို သိလိုတဲ့အတွက် ဒီအဆိုတင်သွင်းချက်နဲ့ ပတ်သက်ပြီး လွှတ်တော်ပြင်ပက တိုင်းရင်းသားပါတီတွေကို မနေ့က ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံမှုကနေ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးဆိုင်ရာ ပြဿနာဟာ အခြေခံဥပဒေဆိုင်ရာ ပုံစံမကျမှုကြောင့် ဖြစ်တဲ့အကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဆင်နိုင်မှာသာ ပြဿနာဖြေရှင်းရာ ရောက်မယ်လို့ ဆုံးဖြတ်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။
“ဆွေးနွေးဖြစ်တာကတော့ အဲဒီအဆိုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဝင်ရောက်ဆွေးနွေးမယ်ဆိုရင် သူက ကျနော်တို့ရဲ့ သဘောထားကို သိချင်တယ်လေ။ ကျနော်တို့အားလုံရဲ့ သဘောတူညီအရ ဆုံးဖြတ်လိုက်တာကတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးဆိုင်ရာ အရင်းအမြစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုံစံမကျမှုပေါ်မှာ မူတည်တယ်။ ဒါကြောင့်မို့ ၂၀၀၈ အခြေခံဥပေဒကို ပြုပြင်လိုက်ခြင်းကသာလျှင် ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာ ရောက်မယ်လို့ အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာလေ။ အဲဒီ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးပို့လိုက်ပါပြီ။”
ဒီတွေ့ဆုံပွဲမှာ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားလူမျိုးစုပါတီ ၁၂ ခုနဲ့ ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) ဝင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက်နဲ့ ချင်းတိုးတက်ရေးပါတီက တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်ကိုတော့ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ လွှတ်တော်တွေင်း ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။
တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဆွေးနွေးရာမှာ တိုင်းရင်းသားအားလုံးရဲ့ဆန္ဒကို ကိုယ်စားပြုဖို့ လိုအပ်တယ်လို့လည်း ဦးစိုင်းလိတ်က သုံးသပ်ပါတယ်။
“လွှတ်တော်ထဲမှာက ကြံ့ခိုင်ရေးပါတီက အင်အားကြီးဆုံး ဖြစ်နေတယ်လေ။ ဒါကြောင့်မို့လို့ ကြံ့ခိုင်ရေးပါတီရဲ့ ဆုံးဖြတ်ချက်ကသာလျှင် အတိဖြစ်သွားမယ်လို့ ပြန်ပြီး သုံးသပ်လို့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အဖြေထွက်လာလာ တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒကို ကိုယ်စားမပြုနိုင်ရင်တော့ ရေရှည်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ကျနော်သုံးသပ်ပါတယ်။”