ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်း အသိမ်းခံထားရတဲ့ လယ်တွေမှာ ထွန်ယက်ကြတဲ့ လယ်သမားတွေကို စစ်တပ်က နယ်မြေကျူးကျော်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။
ပန်းတောင်းမြို့နယ် ဒေါင်းတိုက်ကျေးရွာက လယ်သမား ၄ ဦးနဲ့ ပဲကြီးကျေးရွာက လယ်သမား ၂ ဦးတို့ကို ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) အမှတ် ၅ စက်ရုံမှ ဗိုလ်ကြီးအောင်နိုင်ဦးက တရားလိုလုပ်ပြီး တရားစွဲဆို ထားတာပါ။ တရားစွဲဆိုခံရတဲ့ ရွာသားတွေကတော့ ဦးဌေးလွင်၊ ဦးကြံအောင်၊ ဦးခင်ထွန်း၊ ဦးစိုးဦး၊ ဦးမောင်ဦး၊ ဦးကြည်လွင်တို့ ဖြစ်ပါတယ်။
ဒီလယ်သမားတွေကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုပြီး ထုံးဘိုရဲစခန်းက လယ်သမားတွေကို မနေ့က လာရောက် စစ်ဆေးခဲ့တယ်လို့ တရားစွဲဆိုခံရသူ လယ်သမား ဦးဌေးလွင်က ပြောပါတယ်။
“လွန်ခဲ့တဲ့ တလလောက်က ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတာဗျ။ ကျနော်တို့ကို စက်ရုံမှူးရဲ့ ခွင့်ပြုချက် မရှိဘဲနဲ့တော့ တရားစွဲလို့မရဘူး။ ဗိုလ်ကြီး အောင်နိုင်ဦးက စွဲတာလို့တော့ ပြောတယ်။”
တရားစွဲဆိုခံထားရတဲ့ လယ်သမားတွေဟာ မိရိုးဖလာ လုပ်ကိုင် စားသောက်လာတဲ့ လယ်မြေတွေကို ကပစ ၅ က ၁၉၈၉ ခုနှစ်ကစပြီး သိမ်းယူခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ဒီလယ်မြေတွေမှာ လယ်သမားတွေဟာ သီးစား လယ်ပြန်ကိုင်ခွင့်ရခဲ့ပါတယ်။
ဒါပေမယ့် လယ်သမားတွေ သီးစားလုပ်နေတဲ့ လယ်မြေတွေကို စစ်တပ်က ၂၀၀၄ မှာတကြိမ်၊ ၂၀၀၉ မှာတကြိမ် လျော်ကြေးတစုံတရာ မပေးဘဲ သိမ်းယူလိုက်ပြီးနောက် လယ်လုပ်ခွင့်မရတော့ ဘူးလို့ လယ်သမားတွေက ပြောပါတယ်။
စားဝတ်နေရေး ကျပ်တည်းလွန်းတာကြောင့် ဒီလယ်တွင်းထဲ ဝင်ရောက် လုပ်ကိုင်ရာကနေ တရားစွဲဆိုခံရတာလို့ ဦးဌေးလွင်က ပြောပါတယ်။
“တပ်က သိမ်းသွားတာ ၈၉ ခုနှစ်ကတည်းက။ ၂၀၀၄ ကျတော့ ဧက ၄၀ ကို တခါ သိမ်းတယ်။ ၂၀၀၉ မှာ ဧက ၂၅ တခါထပ်သိမ်းတယ်။ ၂၀၁၀ ဧက ၁၅၀ ပြည့်အောင်ဆိုပြီး ထပ်ပြီး တခါသိမ်းလိုက်တာ။ သူတို့ကတော့ လောလောဆယ် အနေအထားက စက်ရုံအတွက်လိုလို သိမ်းသွားတာ။ စစ်အာဏာနဲ့ သိမ်းသွားတာ။ လျော်ကြေးတစုံတရာ မပေးပါဘူးဗျာ။ အခု သိမ်းတော့ လုံးဝကို လုပ်မစားရတာ။ ၈၉ ခုနှစ်က သိမ်းတုန်းက တဧကကို ၈ တင်းနှုန်းနဲ့တော့ လုပ်စားရသေးတယ်။ ၂၀၀၄ မှာ တကြိမ်၊ ၂၀၀၉ မှာ တကြိမ် သိမ်းထားတဲ့ ဧကတွေက လုံးဝ လုပ်စားလို့မရဘူး။ ကျနော်တို့ကလည်း စားဝတ်နေရေးက ကျပ်တည်းနေတော့ ထွန်းတုံး တင်လိုက်တာ တရားစွဲခံလိုက်ရတာပဲ။ လောလောဆယ် အနေအထားက သူလုကိုယ်လု စိုက်နေတဲ့သဘောပဲ။ သူတို့ဘက်ကလည်း စိုက်နေတာပဲ။ ပြဿနာကတော့ တဖြည်းဖြည်းကြီးထွားလာမှာတော့ သေချာသလောက် ဖြစ်နေတယ်။”
ပန်းတောင်းမြို့နယ်ထဲမှာ လယ်သမားတွေရဲ့ ဘိုးဘွားပိုင်လယ်မြေ ဧက အမြောက်အများကို နယ်မြေခံစစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ၁၉၇၀-၁၉၈၀ ပြည်လွန်နှစ်တွေကစပြီး မတရားသိမ်းဆည်းထားတာလို့ လယ်သမားတွေက ပြောပါတယ်။