DVB Logo
Home
မြန်မာသတင်း
ကနေဒါသံရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်ဟု ကြေညာ
DVB
·
July 15, 2012
ကနေဒါသံရုံး မြန်မာနိုင်ငံတွင် ဖွင့်မည်ဟု ကြေညာ
Donate to DVB

ကနေဒါနိုင်ငံက မြန်မာနိုင်ငံမှာ သံရုံးသစ်တခုကို ဖွင့်ဖို့ဆုံးဖြတ်လိုက်ပြီလို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘဲယာဒ်က ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ သိသာတဲ့အပြောင်းအလဲတွေနဲ့အတူ နိုင်ငံတကာက မြန်မာ့ သယံဇာတရှာဖွေတဲ့လုပ်ငန်းတွေကို ရင်းနှီးဖို့ အပြိုင်ဖြစ်နေချိန်မှာ ကြေညာလိုက်တာဖြစ်တယ်လို့ ကနေဒါထုတ် calgaryherald က ရေးပါတယ်။
အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ပူးတွဲလုပ်ဆောင်နိုင်ဖို့ပိတ်ဆို့ထားမှုတွေ ဖြေလျှော့ပေးပြီး ၁ ရက်အကြာမှာ ကြေညာချက်ပါ။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာပြည်မှာ ရင်းနှီးထားကြပြီးဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနဲ့ ပြင်သစ်စတဲ့ ပြိုင်ဘက်တွေကို မယှဉ်နိုင်ဘဲ နောက်ကျမှာ စိုးရိမ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နိုင်ငံခြားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဘီလီယံပေါင်းများစွာ ၀င်ငွေရရှိစေမယ့် သတ္တုတွင်းနဲ့ ကျောက်မျက်လုပ်ငန်းတွေကို မျက်စိကျနေကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မှာဖွင့်ထားတဲ့ ကနေဒါသံရုံးဟာ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံ ၄ နိုင်ငံနဲ့ သံတမန်ဆက်သွယ်ဖို့ တာဝန်ယူဆောင်ရွက်နေတာပါ။

ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါသံရုံးထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးရဲ့ ၂ ပတ်ကြာ အာရှခရီးစဉ် အတွင်းမှာ မြန်မာအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လူအခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဖော်ဆောင်မှု တိုးတက်တာတွေအပေါ် အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

စီးပွားရေးဖွင့်လှစ်မှု၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တာ၊ တရားဝင်ဆန္ဒပြခွင့်တွေနဲ့ သမိုင်းဝင် ကြားဖြတ်ရွေးကောက်ပွဲတွေ ပါဝင်ပါတယ်။ အရင်တုန်းက ကနေဒါဟာ မြန်မာနိုင်ငံမှာ သံရုံးမရှိဖူးပါဘူး။ ဒါကြောင့် မြန်မာပြည်မှာ သံရုံးဖွင့်လှစ်မယ့် ဆုံးဖြတ်ချက်ဟာ ကနေဒါနိုင်ငံက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးလမ်းကြောင်းဖွင့်လှစ်ဖို့ နောက်ဆုံးလှမ်းလိုက်တဲ့ခြေလှမ်းဖြစ်ပါတယ်။

ကနေဒါနိုင်ငံခြားရေးဌာန အရာရှိတဦးအဆိုအရ ကနေဒါသံရုံးဖွင့်ရတာဟာ မြန်မာနိုင်ငံရဲ့ လူအခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဖော်ဆောင်မှုတွေကိုမြှင့်တင်ရာမှာ ကူညီဖို့နဲ့ ကနေဒါစီးပွားကူးသန်းရေးအကျိုးအမြတ်နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ထောက်ပံ့ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဖြစ်ထွန်းမှုတွေကို ကြိုဆိုထားပြီး ကနေဒါဟာ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဒီနှစ်ဧပြီမှာ ရုပ်သိမ်းခဲ့သလို ပို့ကုန်၊ သွင်းကုန်တွေ ငွေကြေးဝန်ဆောင်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်မှုတွေကို ခေတ္တဆိုင်းငံ့ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်ကတည်းက သံအမတ် ပြန်ရုပ်သိမ်းခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်တဦးကို လွန်ခဲ့တဲ့သီတင်းပတ်တုန်းက ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013