Home
ဆောင်းပါး
ပင်လုံမှာ ခေါင်းဆောင်တွေ ဘာပြော
DVB
·
July 12, 2018
၂၁ ရာစု ပင်လုံ တတိယအကြိမ် ညီလာခံကို နေပြည်တော်မှာ ဇူလိုင် ၁၁ ရက်မှာ စတင်လိုက်ပြီး ထုံးစံအတိုင်း ညီလာခံဖွင့်ပွဲမှာ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ စကားပြောကြတယ်။ ဒီတကြိမ်ညီလာခံမှာ ထူးတာက အရင် ပင်လုံညီလာခံတွေလို လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌတွေ စကားတက်မပြောတော့ဘဲ ဖွင့်ပွဲအခန်းအနား တက်တာပဲ တွေ့ရတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကား အနှစ်ချုပ်ကြည့်ရင် ပြည်သူတွေက ငြိမ်းချမ်းရေးရဖို့ အချိန်အများကြီး မစောင့်ချင်ကြတော့ဘူးလို့ အဖွဲ့အစည်းအားလုံးကို သတိပေး ပြောသွားတယ်။ တခါ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြည်သူတွေ စောင့်ကြည့်နေတယ်၊ ပြည်သူတွေ သိလာကြလိမ့်မယ်လို့လည်း သတိပေးပြောတယ်။ အပြည့်အစုံက "ဘယ်သူတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားတယ်၊ ဘယ်သူတွေဟာ ပြည်ထောင်စုအကျိုးကို ကိုယ့်အကျိုး၊ ကိုယ့်အစုအဖွဲ့အကျိုးထက် တန်ဖိုးထားတယ်ဆိုတာ ဒီ (၂၁) ပင်လုံ ညီလာခံ အစည်းအဝေးတွေမှာ ပေါ်လွင်လာမှာပါ။ ပြည်သူတွေက ကြည့်နေကြပါတယ်။ ပြည်သူတွေက သိလာကြမှာပါ။" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီသတိပေးစကားကို မြန်မာလူမှုကွန်ရက်ပေါ် ထပ်ဆင့်ရှယ်သူများလှပြီး တယောက်က ခုလို မှတ်ချက်ပေးသွားတာ တွေ့ရတယ်။ တတိယပင်လုံဖွင့်ပွဲမှာပဲ သိလိုက်ရပါပြီ မေမေတဲ့။ ဒေါ်အောင်ဆန်းစုကြည်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စကားပြောတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ စကားတွေကတော့ အရင်လိုပဲ အန်စီအေလမ်းလျှောက်ဖို့ တိုက်တွန်းပြီး တပ်မတော်ရဲ့ သဘောထားတွေ ပြောတယ်။ သဘောထား ရပ်တည်ချက်တွေ ကြည့်လိုက်ရင်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တပ်မတော်ရဲ့ မူ ၆ ချက် ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ချင်ရင် ဖွဲ့စည်းပုံထဲ ပေးထားတဲ့ ပေးထားချက်အတိုင်းပဲပြင်။ ဒါတွေ ဒါတွေပဲ ထပ်ပြောသွားတာဖြစ်ပြီး ထူးတာကတော့ တပ်မတော်က မြန်မာလူဦးရေ ၅၂ သန်းကို ကိုယ်စားပြုတယ်လို့ ပြောသွားတာပဲဖြစ်ပြီး ဒီစကားအပေါ် ဝေဖန်သံ ညံထွက်တယ်။ လူထုရွေးကောက်ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ ဒီလို ကိုယ်စားပြုစကားပြောတဲ့အပေါ် အာဏာရပါတီက လက်မခံဘဲ ပယ်ချကြောင်း မီဒီယာကို ထုတ်ပြောသံလည်း တဆက်တည်း ကြားရတယ်။ ညီလာခံဆိုတာကတော့ ဒီလိုပဲ ကိုယ့်အစုအဖွဲ့အလိုက် ကိုယ်ပြောလိုရာ ပြောကြတာဖြစ်ပြီး ပြောပိုင်ခွင့်ရှိတယ်။ လက်ခံတာ လက်မခံတာက အချိန်တန်ရင် ပြည်သူကပဲ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီးက ကိုယ်စားပြုစကား ပြောသလိုပဲ ဒုတိယပင်လုံတုန်းကလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခု ခေါင်းဆောင်က မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံအမည်ကို ပြောင်းသင့်တယ်လို့တောင် ပြောခဲ့သေးတာပဲ။ ပြောပစေ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ပြည်သူက သိလာပါလိမ့်မယ်။ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ ပင်လုံညီလာခံတွေကို ၆ လတကြိမ် ပုံမျန်ကျင်းပပြုလုပ်နိုင်ဖို့ အဓိက တိုက်တွန်းပြောသွားတယ်။ ပင်လုံညီလာခံလုပ်လာတာ သုံးကြိမ်ရှိလာတော့ ခေါင်းဆောင်တွေ ပြောစကားတွေလည်း ထပ်လာတာ တွေ့ရတယ်။ ဒီထဲ သေချာဂရုစိုက် နားထောင်ကြည့်ရင် ခေါင်းဆောင်တွေပြောတဲ့ စကားတွေထဲ ပါတဲ့ သဘောထား ရပ်တည်ချက်တွေက ထပ်တူမကျတာ အထင်အရှား တွေ့ရတယ်။ ဥပမာ “ခွဲမထွက်ရေးမူ” နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ခေါင်းဆောင်တွေက သူတို့ရပ်တည်ချက်တွေကို အဖွင့်မိန့်ခွန်းထဲမှာ ပြောခဲ့ကြတယ်။ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည်က “ဖက်ဒရယ်” ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ ပြည်ထောင်စုမှ ခွဲမထွက်ရေးမူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူများနဲ့ ပတ်သက်တဲ့ အမြင်တွေ ညှိဖို့က အင်မတန်အရေးကြီးသလို အင်မတန် နက်နဲ သိမ်မွေ့တဲ့ကိစ္စ ဖြစ်ပါတယ်လို့ ပြောသွားတယ်။ ဗိုလ်ချုပ်မှူးကြီးက “နိုင်ငံတော်သည် ဒို့တာဝန်အရေး (၃) ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရန်” ဆိုတဲ့ ရည်မှန်းချက်နဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဒို့တာဝန်အရေး (၃) ပါးကို လက်ခံရမယ်။ ခွဲထွက်ရေးကိစ္စ မပြောဖို့နဲ့ ရွေးကောက်ပွဲလမ်းကြောင်းသည်သာ အဓိကဖြစ်တယ်ဆိုတာ အကြိမ်ကြိမ် ရှင်းလင်းပြီးမှ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ ဒီလိုမျိုး ဗိုလ်ချုပ်မှူးကြီးက ခွဲထွက်ဖို့ကိစ္စကို ခတ်ပြတ်ပြတ်ပြောခဲ့တာ ဖြစ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရပ်တန့်ခံတော့မှာ မဟုတ်တော့တဲ့ အကြောင်းတော့ ဒေါ်အောင်ဆန်းစုကြည် စကားတွေအရ သိလိုက်ရတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ နောက်ထပ် ညီလာခံ (၁) ကြိမ်၊ လာမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာ နောက်ထပ် ညီလာခံ (၂) ကြိမ်၊ ၂၀၂၀ ပြည့်နှစ်မတိုင်မီ နောက်ထပ် ညီလာခံ (၃) ကြိမ် ကျင်းပမယ်လို့ သူ ပြောသွားတယ်။ အဲ့ဒီညီလာခံတွေမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ်ချမှတ်ပြီး အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း ပြောတယ်။ ဒီစကားတွေအရရော တတိယပင်လုံမတိုင်မီ တိုင်းရင်းသားခေါင်းဆောင် တယောက်ရဲ့ ပြောဆိုချက်အရရော အခုလုပ်နေတဲ့ ညီလာခံ ပြီးရင်လည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့တို့က ကိုယ်စားလှယ်တွေရဲ့ အလွတ်သဘော ဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်ပြီး ပင်လုံညီလာခံကို ၆ လတကြိမ် မှန်မှန်လုပ်မယ်လို့ သိရတယ်။ သဘောကတော့ ထိတွေ့ဆက်ဆံမှု မပြတ်အောင်လုပ်မယ်ဆိုတဲ့ သဘောပါ။ အဲ့ဒီ ထိတွေ့ဆက်ဆံမှုတွေကတဆင့် ယုံကြည်မှုတည်ဆောက်မယ်၊ ပြီးရင် ဘုံသဘောတူညီချက်တွေ ယူမယ်။ ဒီလိုလည်း တွက်ဆလို့ရပေမယ့် တဖက်မှာလည်း တပ်ဖွဲ့တခုက ကိစ္စတခုတင်လိုက် တဖက်တပ်ဖွဲ့က ပယ်ချလိုက်နဲ့ လည်ထွက်နေတယ်ဆိုတဲ့ သတင်းစကားတွေလည်း တွင်တွင်ကြားရတယ်။ တတိယပင်လုံမှာ ကြားရတဲ့အထဲ အထူးခြားဆုံးစကားလို့ သတ်မှတ်ချင်တဲ့စကားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတယ်။ "ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့ သဘောထားတွေ ကျနော်တို့ သိပါတယ်။" ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖွဲ့စည်းပုံပေးထားချက်အတိုင်း ပြင်ပါလို့ ဓာတ်ပြားဟောင်း ဖွင့်သွားတယ်။ တတိယပင်လုံညီလာခံ မတိုင်မီမှာ အစိုးရဘက်ကရော တိုင်းရင်းသားတပ်ဖွဲ့တွေဘက်ကပါ နှစ်ဖက်ဆွေးနွေးပွဲတွေကနေ ၂၀၀၈ ဖွဲ့စည်းပုံပြင်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်ကြမယ်လို့ ထုတ်ပြောထားတာကို ဗိုလ်ချုပ်မှူးကြီးက အခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်တယ်။ သူ့စကားတွေ ချုပ်ကြည့်ရင် တပ်မတော်ရဲ့ သဘောထားတွေဟာ အရင်အတိုင်း တပြားသားမှ အလျှောပေ့းမယ့်လက္ခဏာ မတွေ့ရဘဲ ရပ်ခံနေတဲ့သဘောပဲ တွေ့ရတယ်။ ဆွေးနွေးပွဲတို့ သဘောသဘာဝအရတော့ ညှိနှိုင်းရတယ်၊ အပေးအယူလုပ်ရတယ်၊ ပူးပေါင်းအဖြေရှာရတယ်။ ဒါတွေကို အဖွဲ့အစည်းအသီးသီး သိပြီးဖြစ်ပေမယ့်လည်း လက်တွေ့ ပြောဆိုလုပ်ကိုင်နေတာတွေကတော့ အလျှော့မပေးဘူးဆိုတာပဲ ဖြစ်နေတယ်။ ပြည်သူတွေကတော့ သိပဲသိ၊ ကြည့်ပဲကြည့်ပြီး နေရတော့မယ်ထင်ရဲ့။ ကိုရွှေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024