DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးဦးစီးချုပ်၏ ၂၁ရာစုပင်လုံညီလာခံ မိန့်ခွန်းအပေါ် တုံ့ပြန်
DVB
·
July 12, 2018
ကာကွယ်ရေးဦးစီးချုပ်၏ ၂၁ရာစုပင်လုံညီလာခံ မိန့်ခွန်းအပေါ် တုံ့ပြန်
Donate to DVB

တပ်မတော်ကသာ ပြည်သူအားလုံးကို ကိုယ်စားပြုတယ်၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်သူအားလုံးကို ကိုယ်စားမပြုဘူးဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။  

မနေ့ကနေပြည်တော်မှာ စတင် ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး အဖွင့်မိန်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများ ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာပါ။  

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခုလို ပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအတွင်းရေးမှူး ဦးဉာဏ်ဝင်းက သဘောမတူဘူးလို့ ပြောပါတယ်။

"ပြင်းထန်တာ မပြင်းထန်တာတော့ မသိဘူး။ ကျနော်တို့ မဲပေးတဲ့ လူတွေကို ထောက်ခံတာ သူတို့အတွက်ပဲ ကိုယ်စားပြုတယ်လို့ ပြောလိုက်တာကတော့ လုံးဝမှားတယ်လို့ အန်ကယ်ပြောချင်ပါတယ်။ ကျနော်ပြောတဲ့ အတိုင်းပဲ လုံးဝသဘောမတူဘူး။"

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်ကလည်း “တပ်မတော် အပါအဝင် အခြားအင်အားစုတွေက မူအားဖြင့် ပြောမယ်ဆိုရင် ဝန်ထမ်းပဲ။ ဝန်ထမ်းပဲ ဖြစ်တဲ့အတွက်ကြောင့် တပ်မတော်အပါအဝင် အခြား အင်အားစုများက ကိုယ်စားပြုတယ်ဆိုတာထက်စာရင် ပြည်သူကို ကိုယ်စားပြုပြီး တက်လာတဲ့ နိုင်ငံရေးသမားများကိုသာ တာဝန်ခံရမှာ။ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ပြောမယ်ဆိုရင် ဒီမိုကရေစီ နည်းကျ၊ ဖက်ဒယ်ရယ်နည်းကျ တည်ဆောက်ထားတဲ့ အခြေခံဥပဒေကိုသာ တာဝန်ခံရမှာ ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် သီးသန့် နိုင်ငံရေးအင်အားစုသဖွယ် ကိုယ်စားပြုတယ်၊ မပြုဘူး ပြောမယ်ဆိုရင်တော့ အငြင်းပွားစရာတွေ အများကြီး ရှိနိုင်တယ်” လို့ပြောပါတယ်။

ဒီလိုမျိုး တပ်မတော်ကသာ ပိုပြီးကိုယ်စားပြုတယ် ဆိုတဲ့ ကိစ္စမျိုးဟာ ငါတို့ ပရော်ဖက်ရှင်းကသာ ပိုပြီးသာလွန်တယ်ဆိုတဲ့ သဘောထားမျိုးကို ဖြစ်ပေါ်စေတယ်၊ ဗဟုဝါဒကို သွားမယ်ဆိုရင် အခက်အခဲ ဖြစ်နိုင်တယ်လို့လည်း ဦးမင်းဇင်ကပြောပါတယ်။

သတင်း- အောင်ကိုကိုလတ်/အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013