Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်း တင်သွင်းထား
DVB
·
July 12, 2018
၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်က ဒီဗွီဘီကို ပြောပါတယ်။  နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဇူလိုင် ၂ ရက်ကနေ ဇူလိုင် ၁၁ ရက်အတွင်း တင်သွင်းဖို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ဇူလိုင်လ ၁၁ ရက်နေ့အထိ ပါတီ ၂၄ ပါတီ၊ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းသွင်းထားပါတယ်။ ဒီထဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇ ဦးပါဝင်ပါတယ်။ လက်ရှိမှတ်ပုံတင်ထားတဲ့ ပါတီတွေထဲက လုံးဝဝင်မပြိုင်တဲ့ ပါတီ ၁ ပါတီထက် မပိုပါဘူး။ ကျနော်တို့ထပ်ပြီး အတည်ပြုသွားမှာပါ” လို့ ပြောပါတယ်။ တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာတွေကို ရုပ်သိမ်းလိုရင် ဇူလိုင် ၁၃ ရက် နောက်ဆုံးထားရုပ်သိမ်းနိုင်ပြီး ကော်မရှင်က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို ဇူလိုင် ၁၆ ရက်ကနေ ၂၆ ရက်အထိ စိစစ်သွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၈ နိုဝင်ဘာလ ၃ရက်နေ့ မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်၂ဝ၁၇ က လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၉၅ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024