ရန်ကုန်တွင် လယ်သမားများ ရက်ဆက်ဆန္ဒပြခွင့်ရပြီ

2.1K
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က ရွှေနံ့သာကျေးရွာလယ်သမားတွေရဲ့ ဆန္ဒပြခွင့်ပေးဖို့ တောင်းဆိုတာကို အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က ခွင့်ပြုလိုက်တာကြောင့် လာမယ့် တနင်္ဂနွေနေ့ကစပြီး ၄ ရက်ဆက်တိုက် ဆန္ဒပြတော့မှာ ဖြစ်ပါတယ်။
အစိုးရက ဆန္ဒပြသခွင့်နည်းဥပဒေကို အတည်ပြုလိုက်တာကြောင့် ဆန္ဒပြဖို့ တရားဝင်လျှောက်ထားတာကို ခွင့်ပြုလိုက်တာပါ။ ဒီဆန္ဒပြပွဲသာ ဖြစ်လာမယ့်ဆိုရင် အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် ဖြစ်သလို ၁၉၆၂ ခုနှစ်ကစလို့ ထူးထူးခြားခြား ဆန္ဒပြခွင့် တရားဝင်ခွင့်ပြုတာ ဖြစ်ပါတယ်။
ဇေကမ္ဘာကုမ္ပဏီနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မင်္ဂလာဒုံမြို့နယ်က လယ်သမားတွေက ဆန္ဒပြဖို့ လျှောက်တာကို မြို့နယ်မှူးက ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကတော့ တရားဥပဒေစိုးမိုးရေးအတွက် ဖြစ်တယ်လို့ လယ်သမားတွေကို ကူညီတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောပါတယ်။
အဲဒီလယ်သမားတွေဟာ ဇေကမ္ဘာကုမ္ပဏီကို မြေယာမှုခင်း ဖွင့်ထားကြသူတွေပါ။ ပြီးခဲ့တဲ့လပိုင်းက ရွှေနံ့သာ ကျေးရွာမြေယာကော်မတီက ဇေကမ္ဘာကုမ္ပဏီကိုသာ လယ်လုပ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပေါ် အထက်အဆင့် မြို့နယ်မြေယာကော်မတီကို တင်ရာမှာ လက်မခံတဲ့အတွက် ဆန္ဒပြကြမှာလို့ သူက ပြောပါတယ်။
“ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးက ဇေကမ္ဘာကို သီးစားချတယ်။ သီးစားချတဲ့အပြင် သူက အယူခံကို မြို့နယ်အိုးအိမ်ကို သွားပါဆိုတော့။ နည်းဥပဒေမှာ မြို့နယ်အိုးအိမ်မရှိပါဘူး။ နည်းဥပဒေ ၁၅ မှာက ရပ်ကျေးအုပ်ချုပ်ရေး၊ ရပ်ကျေးမြေရာကုမ္ပဏီရဲ့ အုပ်ချုပ်ရေးကို သဘောမကျရင် မြို့နယ်မြေယာ ကော်မတီ၊ မြို့နယ်မြေယာ ကော်မတီကို သဘောမကျရင် တိုင်းအထိပေါ့။ အဲဒါကို ရက် ၃၀ အတွင်း အဆင့်ဆင့်သွားရမှာ ရှိတယ်။ မြို့နယ်မြေယာကော်မတီဆိုတာက မြို့နယ် အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ၊ မြို့နယ် မြေစာရင်းက အတွင်းရေးမှူး အဲဒီလိုမျိုး လုပ်ရတာပါ။ အဲဒါကို အယူခံ လက်မခံတဲ့အတွက် ကျနော်တို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျ။”
မူလက ဆန္ဒပြဖို့ လူ ၁၀၀၀ ခန့် တင်ထားပေမယ့် လူ ၂၀၀ သာ ခွင့်ပြုတယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့ ကနေ ဗုဒ္ဒဟူးနေ့ထိ ၄ ရက်ဆက်တိုက် ဆန္ဒပြပွဲမှာ ရွှေနံ့သာ၊ ဆင်ပုံ၊ သင်္ကန်းကျွန်းကြီး၊ သာဓုကန်၊ လှော်ကား၊ သစ်ပင်နဲ့ ထောင်တလုပ် စတဲ့ရွာတွေက လယ်သမားတွေ ပါဝင်မယ်လို့ ဆိုပါတယ်။
သူတို့တွေဟာ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရှေ့ကနေ လမ်းသစ်လမ်းအတိုင်း စီတန်းလှည့်လှည်ပြီး ပြည်လမ်းကတဆင့် ပဲခူးလမ်းကိုကွေ့ပြီး မြနန္ဒာစည်ပင်သာယာပန်းခြံမှာ ဟောပြောကြမယ်လို့ ဆိုပါတယ်။
ဆန္ဒပြခွင့်ဥပဒေကို လွှတ်တော်မှာ အတည်ပြုပြီးတာ မနှစ်ကတည်းက ဖြစ်ပေမယ့် နည်းဥပဒေ မထွက်သေးဘဲဖြစ်နေတာကြောင့် တရားဝင်ဆန္ဒပြနိုင်ရေး ကြန့်ကြာနေရတာပါ။
ဆန္ဒပြမယ့်လယ်သမားတွေဟာ စစ်အစိုးရလက်ထက်က သူတို့လယ်မြေဧက ၁ ထောင်နီးပါးကို စက်မှုဇုန်စီမံကိန်းအတွက် သိမ်းဆည်းခံရတဲ့ လယ်သမားတွေဖြစ်ပြီး အရပ်သားအစိုးရလက်ထက်မှာ လိုလားချက်တွေကို ရဲရဲတင်းတင်း တောင်းဆိုလာကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့လပိုင်းတွေတုန်းက ဆန္ဒပြခွင့်ဥပဒေ ထွက်ရှိပေမယ့် နည်းဥပဒေ မထွက်သေးတာကြောင့် ဆန္ဒပြပွဲတွေကို ထိန်းသိမ်းရမယ့် ရဲတာဝန်ရှိသူတွေလည်း ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်ခဲ့ပါတယ်။