DVB Logo
Home
မြန်မာသတင်း
၂၁ ပင်လုံအစည်းအဝေး ကေအန်ပီပီအဖွဲ့ တက်ရောက်မည့်ကိစ္စ ပြန်သုံးသပ်ရန်တိုက်တွန်း
DVB
·
July 10, 2018
၂၁ ပင်လုံအစည်းအဝေး ကေအန်ပီပီအဖွဲ့ တက်ရောက်မည့်ကိစ္စ ပြန်သုံးသပ်ရန်တိုက်တွန်း
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ပြည်နယ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ထားရှိဖို့ ကြိုးပမ်းနေပြီး ပြည်သူတွေအကြား မတည်မငြိမ်ဖြစ်ဖို့ ဖန်တီးနေတဲ့အတွက် ကရင်နီအမျိုးသားတိုးတက်​​ရေးပါတီ (ကေအန်ပီပီ) အနေနဲ့ အစိုးရက ဦးဆောင်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်မယ့်အပေါ် ပြန်လည်သုံးသပ်ဖို့ ကရင်နီလူငယ်အဖွဲ့ ၅ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ပြည်နယ်အစိုးရက ဗိုလ်ချုပ်ကြေးရုပ်ကို ထားရှိဖို့ ကြိုးပမ်းတဲ့အတွက် ကရင်နီပြည်ရဲ့ သမိုင်းကို မှေးမှိန်ခြေဖျက်ခြင်း၊ တိုင်းရင်းသား တန်းတူခွင့်ကို မျက်ကွယ်ခြင်း၊ လူမျိုးကြီး ဝါဒလွှမ်းမိုးမှုကို အားပြုခြင်းလို့ ဆိုနိုင်တယ်လို့ ကရင်နီလူငယ်အဖွဲ့တွေရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၃ ရက်နေ့က ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တဲ့ လူငယ်တွေကို အာဏာပိုင်တွေက တားဆီးတာတွေ၊ အကြမ်းဖက် နှိမ်နှင်းတာတွေနဲ့ ကရင်နီသမိုင်းကြောင်း စာရွက်ဖြန့်ဝေတဲ့ လူငယ် ၁၁ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုထားတာတွေဟာ တိုင်းရင်းသားအခွင့်အရေး တောင်းဆို လှုပ်ရှားတာကို ဖိနှိပ် ရိုက်ချိုးတဲ့ သဘောဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်ကိစ္စအပေါ် ပြည်နယ်ခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေ၊ ပါတီတွေနဲ့ ကရင်နီ လူငယ်ထုတွေက ကန့်ကွက်ကြောင်းနဲ ရွှေ့ဆိုင်းဖို့ ဇူလိုင်လ ၇ ရက်က ပြည်နယ်အစိုးရကို တွေဆုံ တောင်းဆိုထားပါတယ်​။

ဒါပေမယ့် ပြည်နယ်အစိုးရကတော့ အုပ်ချုပ်ရေးမှူးတွေကို ကြေးရုပ်ထားရှိမယ့်အပေါ်မှာ ထောက်ခံတဲ့ လူစာရင်း ကောက်ယူဖို့ ညွှန်ကြားထားတာကြောင့် ကြေးရုပ်ကို မဖြစ်မနေ လုပ်ဆောင်မယ့် အနေအထားကို မြင်တွေ့နေရတယ်လို့ ဆိုထားပါတယ်။

ဒီသဘောထား ထုတ်ပြန်ချက်ကို ကရင်နီပြည်လူငယ်များသမဂ္ဂဝင်တွေ ဖြစ်တဲ့ ကယန်း မျိုးဆက်သစ်လူငယ်၊ ကရင်နီအမျိုးသားအစည်းအရုံး၊ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ၊ ကယန်းအမျိုးသမီးအစည်းအရုံးနဲ့ ကယားလီဖုလူငယ်တို့က ပူးပေါင်း ထုတ်ပြန်တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

 ဇူလိုင် ၁၁ ရက်နေ့၊ နေပြည်တော်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ကေအန်ပီပီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အများအပြား ပါဝင်တက်ရောက်ကြဖို့ ရှိနေတာဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ- ခွန်းတူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013