Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ ရှေးဟောင်းစေတီ ၄ ဆူ ဌာပနာတိုက်များ ဖောက်ထွင်းခံရ
DVB
·
July 10, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် တံခွန်ကျေးရွာမှာ ရှေးဟောင်း စေတီ ၄ ဆူ ဌာပနာတိုက်တွေ ဇူလိုင် ၈ ရက်က ဖောက်ထွင်းခံရတယ်လို့ တံခွန်တိုင်ဘုန်းတော်ကြီးကျောင်းဆရာတော် ဥူးဝိလာသဂ္ဂက မိန့်ကြားပါတယ်။ ဇူလိုင် ၈ ရက်က တံခွန်တိုင်ဆရာတော်ဟာ ကိုရင်တွေနဲ့အတူ ပြိုပျက်နေပြီး ချုံနွယ် ဖုံးအုပ်နေတဲ့ရှေးဟောင်း စေတီတော်တွေကို သန့်ရှင်းရေးပြုလုပ်ရာက ရှေးဟောင်းစေတီ ၄ ဆူရှိ ဌာပနတိုက်တွေ ဖောက်ထွင်းခံရတာကို တွေ့ရှိခဲ့တာပါ။ တံခွန်တိုင်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးဝိလာသဂ္ဂက “စေတီဟောင်းတွေ ဒီထဲမှာရှိတာက အဆူ ၃၀ ကျော်ရှိတယ်။ တချို့ဟာတွေဆို မြေပုံတွေဖြစ်နေကုန်ပြီ။ တချို့ဟာတွေက စေတီငုတ်တွေဖြစ်နေပြီး မြေပုံ ပုံစံဖြစ်နေတဲ့ စေတီတွေက ဖောက်လား၊ မဖောက်လား ဆိုတာတော့ မသိရတော့ဘူး။ လက်ရှိ သိသာနေတာက စေတီငုတ်တွေမှာ ဌာပနာတိုက်တွေ ဖောက်ထားတာ သုံး လေးဆူလောက် တွေ့ရတယ်။ ဖောက်တဲ့လူတွေကလည်း ခါတိုင်း ဖောက်နေကျလူတွေ ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဌာပနာတိုက်ရှိတဲ့နေရာကို ကွက်တိ ဖောက်နေတာ တွေ့ရတယ်။ ဒီစေတီကို မနေ့က သန့်ရှင်းရေးလုပ်တဲ့အခါမှ တွေ့လိုက်ရတာပေါ့။ ဒီထဲမှာ ချုံတွေ ဖြစ်နေတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ဒီထဲကို ရောက်ရောက်လာတတ်တယ်။ သူတို့ကို သွားပြောလို့လည်း မဖြစ်ပါဘူး။ ပြောလိုက်ရင် ကိုယ့်အတွက် အန္တရာယ် ဖြစ်လာမယ်ဆိုတာ သိတဲ့အခါကျတော့ ဒီအတိုင်းပဲ ကြည့်နေရတယ်”လို့ မိန့်ပါတယ်။ တံခွန်တိုင်ရွာသား ဦးဖဲမောင်က “၂၀၁၆ လောက်ကလည်း ကျောက်ဆင်းတု သုံးဆူ ခိုးခံရတယ်။ အခု ကျောင်းရဲ့ထိပ် ကန်ရဲ့ထိပ်မှာ စေတီပေါင်း ၃၀ ကျော်ရှိပါတယ်။ အဲဒါတွေ မကြာခဏ အဖောက်ခံနေရပါတယ်။ စေတီတော်များကို စောင့်ရှောက်ဖို့ အလှမ်းဝေးတဲ့အတွက် လုံခြုံစွာထားမယ်ဆိုရင် ဓာတ်ပေါင်းစုစေတီတည်မှ လုံခြုံမှာပါ။ နိုင်ငံတော် အထောက်အပံ့ ပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။ တံခွန်တိုင်ကျေးရွာမှာ ရှေးဟောင်းဘုရားဆင်းတုတော်တွေ ခိုးယူခံရတာ၊ ငွေအလှူခံပုံးတွေ ဖောက်ထွင်းခံရတာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ တံခွန်တိုင်ကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။ ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024