မြန်မာမီဒီယာ အခန်းကဏ္ဍဆွေးနွေး

မြန်မာပြည် ဒီမိုကရေစီအပြောင်းအလဲမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး ချင်းမိုင်တက္ကသိုလ်မှာ ပြည်တွင်းပြည်ပ မီဒီယာလောကသားတချို့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုအောင်ဇော်၊ ရန်ကုန် အခြေစိုက် ၀ိုင်ပီအိုင် တည်ထောင်သူ မွန်မွန်မြတ်၊ ကရင်သတင်းစဉ် (ကေအိုင်စီ) မှ အယ်ဒီတာ နန်း​ဖော်​ဂေတို့က တက်ရောက် ဆွေးနွေးခဲ့တာပါ။ လူမှုရေး ကွန်ရက်တခုဖြစ်တဲ့ ဖေ့ဘွတ်ခ်ကို မူဝါဒဖြန့်ဝေဖို့ မုန်းတီးရေးနဲ့ပတ်သက်တဲ့ သတင်းတွေဖြန့်ဝေဖို့ အတွက် အသုံးပြုနေတဲ့အကြောင်းနဲ့ တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍတွေအကြောင်း ဆွေးနွေးဖြစ်တယ်လို့ ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုအောင်ဇော်က ပြောပါတယ်။ “မြန်မာပြည် မီဒီယာအခြေအနေ ဘယ်လိုအပြောင်းအလဲ ရှိတာလဲဆိုတာကို ပြောနေတာပေါ့နော်။ အကူးအပြောင်းသွားနေတာမှန်တယ်ဆိုရင် အကူးအပြောင်းမှာ မီဒီယာရော ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ။ မီဒီယာပိုင်ဆိုင်မှုတွေ ဘယ်လိုပြောင်းလဲ။ ကျနော်အဓိကထားပြီး ပြောတာကတော့ စာပေစိစစ်ရေးက ရှိနေသေးတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက နောက်ပိုင်း ရှိစရာမလိုတော့ဘူး။ self censorship လည်း ရှိနေတယ်။ ပြည်တွင်းပြည်ပမီဒီယာတွေ၊ ဘင်္ဂါလီ ရိုဟင်ဂျာ၊ အခု ရခိုင်ပြည်မှာ အကြမ်းဖက်မှု ပြဿနာတွေကို အတွင်း အပြင် မီဒီယာတွေက ဘယ်လို ဖော်ပြကြသလဲ။ ဘယ်သူတွေပိုပြီး မျှမျှတတဖြစ်သလဲ၊ ဓမ္မဓိဋ္ဌာန်ကျကျဖော်ပြသလဲ။ ဘယ်မီဒီယာတွေကနေပြီးတော့ rational ဖြစ်တဲ့ debate တခုကို ဖြစ်အောင်လုပ်ပေးသလဲ။ အဲ့ကိစ္စတွေကို ဒီမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။” ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေရဲ့ ရပ်တည်မှုနဲ့ တင်ပြပုံတွေ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်းလည်း ဆွေးနွေးဖြစ်တယ်လို့ သူက ပြောပါတယ်။ ကရင်သတင်းစဉ် (ကေအိုင်စီ)မှ အယ်ဒီတာ နော်ဖောကေက တိုင်းရင်းသား မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ အခုလို ပြောဆိုပါတယ်။ “အခုလောလောဆယ်အထိ လွတ်လပ်တဲ့ မီဒီယာအနေနဲ့ ကောင်းကောင်းမွန်မွန် ရပ်တည်တာ မရှိသေးဘူး။ တိုင်းရင်းသားမီဒီယာဆိုရင်တော့ ပိုပြီးတော့ အခက်အခဲရှိနိုင်တယ်လို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိ ထုတ်နေတဲ့ ပြည်တွင်းက အပတ်စဉ် ဂျာနယ်တွေတောင်မှ မြန်မာဘာသာ တခုတည်း ထုတ်နိုင်တဲ့ အနေအထားပေါ်မှာ ကျမတို့ တိုင်းရင်းသား မီဒီယာတွေ အတွက် အခုလက်ရှိ လုပ်နေတဲ့ ကိုယ့်ရဲ့ မိခင်ဘာသာစကားကိုပါ ထည့်သုံးပြီး စာစောင် ထုတ်တာတွေ၊ ၀က်ဆိုက်တွေ အဲဒီပုံစံမျိုး ဖြစ်အောင်တော့ လောလောဆယ်တော့ မလွယ်သေးဘူးလို့ ကျမ အနေနဲ့ မြင်ပါတယ်။” မြန်မာပြည်အပြောင်းအလဲကြောင့် ပြည်ပမီဒီယာ တချို့က အထဲမှာ သွားရောက် လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အချိန်မှာ တိုင်းရင်းသား မီဒီယာတွေအနေနဲ့ ပြည်တွင်းမှာ တိုင်းရင်းသားဂျာနယ်ထုတ်ဖို့ ရှိ မရှိဆိုတဲ့ မေးခွန်းကိုတော့ သူက အခုလို ပြောပါတယ်။ “ကိုယ့်ပရိသတ်တွေကိုလည်း သူတို့ဆီက အကြံဥာဏ်တွေ၊ သူတို့ဘယ်လိုဆန္ဒရှိသလဲဆိုတဲ့ အနေအထားမျိုးပေါ်မှာ သုံးသပ်ကြည့်တဲ့အခါမှာ လက်ရှိနိုင်ငံရေးအခြေအနေပေါ်လည်း မူတည်တယ်လေ။ နိုင်ငံရေးအခြေအနေက ယတိပြတ်ကောင်းလာနိုင်တဲ့ အခြေအနေ ရှိ မရှိ ဆိုတာ ဘယ်သူမှလည်း တပ်အပ်မပြောနိုင်တဲ့ အနေအထားပေါ်မှာ ကျမတို့ အထိုင်ချဖို့ဆိုတာ လက်ရှိအခြေအနေမှာ ဘယ်လိုမှမဖြစ်နိုင်သေးပါဘူး။ တကယ်တမ်း သတင်းယူခွင့်ရမယ်ဆိုရင်တောင် သတင်းဝင်ယူပြီးတော့ နယ်စပ်မှာပဲ ဆက်လက်ပြီးတော့ တလှမ်း တလှမ်းဆီပဲ ဆက်လုပ်သွားရမယ့် အခြေအနေမှာရှိတာပေါ့။” ဒီဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ်က ဆရာတွေအပါအ၀င် မီဒီယာတွေနဲ့ စိတ်ဝင်စားသူတချို့တက်ရောက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up