DVB Logo
Home
မြန်မာသတင်း
ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးခန့်အပ်၊ စစ်တပ်ဩဇာလွှမ်းမိုးဆဲဟုဆို
DVB
·
July 12, 2012
ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးခန့်အပ်၊ စစ်တပ်ဩဇာလွှမ်းမိုးဆဲဟုဆို
Donate to DVB

ကာကွယ်ရေးဦးစီးချုပ်က စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို တပ်မတော်သား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးတဦးနေရာမှာ အစားထိုး ခန့်အပ်လိုက်ပါတယ်။

အခုလို အစားထိုးခန့်အပ်လိုက်တာဟာ ဒုသမ္မတ ရာထူးအတွက် အဆိုပြုခံရတဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေနေရာကို အစားထိုးဖို့ဖြစ်နိုင်ကြောင်း နိုင်ငံရေးသမားတွေက တွက်ဆကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ကြားက အဆင့်မြင့် စစ်ခေါင်းဆောင်တဦးကို တာဝန်ပေးတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အခုလို သုံးသပ်ပါတယ်။

“ဒါက ဘယ်လိုလဲဆိုတော့ သမ္မတအပေါ်မှာ ဆိုင်တာပေါ့။ သမ္မတက ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့တွေကို သူကပဲ အဆိုပြုခန့်အပ်ပိုင်ခွင့် ရှိတာကိုး။ ဒီထဲက သူတွေထဲက ဒီလူကိုပဲ ၀န်ကြီးချုပ်တင်ချင်လို့ လုပ်ယူတာပေါ့။ ဒီလူကိုထားချင်လို့ ဒီလူကိုပဲ အဆိုပြုပေးလိုက်တာပေါ၊့ ဒီလိုပဲ ကျနော်မြင်ပါတယ်။”

လက်ရှိဥပဒေအရ နိုင်ငံတော်သမ္မတက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထဲက တဦးကို ၀န်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ သမ္မတက အမည်စာရင်း တင်သွင်းတဲ့သူကို အရည်အချင်း မပြည့်မီသူမှအပ ငြင်းပယ်ခွင့်မရှိပါဘူး။

ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၈ သင်တန်းဆင်း ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ဒုတိယတိုင်းမှူး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရဲ့ ပထမဦးဆုံး တိုင်းမှူးဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာတော့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ စစ်ထောက်ချုပ်ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ စစ်တပ်ရဲ့ ပါဝင်မှုကို လျှော့ချသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက ဦးဌေးအောင်ကတော့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ စစ်တပ်က လွှမ်းမိုးမှုရှိတုန်းပါပဲလို့ ပြောပါတယ်။

“ပြောင်းနေတယ်ဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲက အတိုင်းပဲ ပြောင်းနေတာလေ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုက သူတို့စစ်တပ်က ဩဇာကို ဆက်ပြီး ကိုင်နိုင်အောင်၊ မြန်မာ့နိုင်ငံရေးတွေမှာ ပါဝင်ပတ်သက်နိုင်အောင် သူတို့ကအတိအလင်းကို ပြဋ္ဌာန်းရေးဆွဲထားတာလေ။ ဒီဘောင်ထဲကပဲ ပြုပြင်ပြောင်းလဲနေတာဆိုတော့ နောက်က စစ်တပ်က ဆက်ပြီး ချုပ်ကိုင်လွှမ်းမိုးထားတယ် ဆိုတဲ့ အချက်က ဆက်ပြီးပါနေမှာပေါ့။ ဒီလိုပါလို့ရအောင်ကို တမင်ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒကို နှစ်ပေါင်း ၂၀ လောက် ကျားကုတ်ကျားခဲ ရေးဆွဲထားကြတာကိုး။”

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက စစ်တပ်အပေါ်မှာ ဩဇာရှိနေဆဲဖြစ်ပြီး နေပြည်တော်နည်းတူ အဓိကကျတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာလည်း ဦးသန်းရွှေ စိတ်ချရတဲ့ စစ်တပ်အရာရှိကို အစိုးရအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ပေးတာလို့ ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက ဦးဌေးအောင်က သုံးသပ်ပြောဆိုသွားပါတယ်။

“ဗိုလ်ချုပ်ဝေလွင်ကလည်းပဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေလိုပဲ အရင်တုန်းက တပ်ချုပ်ကြီးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေတို့နဲ့ နီးစပ်တဲ့ သဘောရှိတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သူတို့အပေါ်မှာ ယုံကြည်မှု ဘယ်လောက်ရှိတယ်ဆိုတာ ပြတာပဲလေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သူ့ရဲ့လုံခြုံရေးအတွက်ကို ဗိုလ်ချုပ်ဝေလွင်တို့၊ ဗိုလ်ချုပ်မြင့်ဆွေတို့လို လူရင်းတွေကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်ဌာနချုပ်တို့မှာ တိုင်းမှူးတွေအဖြစ်နဲ့ တာဝန်ပေးခဲ့တဲ့သဘောမျိုး တွေ့ရတာရှိတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013