DVB Logo
Home
မြန်မာသတင်း
စစ်ပွဲအလိုမရှိ ပြဇာတ်က ကျောင်းသားများကို ဒဏ်ငွေချသည့်အမိန့်ပြင်ဆင်ပေးရန် တပ်မတော် အယူခံတင်
DVB
·
July 8, 2018
စစ်ပွဲအလိုမရှိ ပြဇာတ်က ကျောင်းသားများကို ဒဏ်ငွေချသည့်အမိန့်ပြင်ဆင်ပေးရန် တပ်မတော် အယူခံတင်
Donate to DVB

ပုသိမ်မြို့ ပုသိမ်ဟိုတယ်မှာ စစ်ပွဲအလိုမရှိ ပြဇာတ်ကပြရာမှာ တပ်မတော်မိသားစုဝင်တွေ ရဲ့ ဂုဏ်သိက္ခာထိခိုက်တဲ့ စကားလုံးတွေ ပါဝင်ကပြတယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတဲ့ ကျောင်းသား ၈ ဦးကို ပုသိမ်မြို့နယ်တရားရုံးက ဒဏ်ငွေချမှတ်ခဲ့တဲ့အပေါ် တပ်မတော်က ကျေနပ်မှုမရှိတာ ကြောင့် အမိန့်ပြင်ဆင်ပေးဖို့ ပုသိမ်ခရိုင်တရားရုံးမှာ အယူခံဆက်တင်ခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကိုယ်စား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားလိုပြုလုပ်ပြီး ကျောင်းသားတွေကို ပုဒ်မ ၅ဝဝ အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ပုသိမ်မြို့နယ်တရားရုံးက ဧပြီလ ၄ ရက်နေ့မှာ ပြဇာတ်ခေါင်းဆောင်ကျောင်းသား ၂ ဦးကို ဒဏ်ငွေ ၅ဝဝဝဝ ကျပ်နဲ့ ကျန်တဲ့ကျောင်းသား ၆ ဦးကို ၃ဝဝဝဝ ကျပ် အသီးသီးချမှတ်ခဲ့တာ လို့ တရားစွဲဆိုခံရတဲ့ ကျောင်းသားတွေက ပြောပါတယ်။

“ပုသိမ်မြို့နယ်တရားရုံးက အပြစ်ရှိတယ်ဆိုပြီး ဒဏ်ငွေတွေ ချမှတ်ခဲ့တယ်၊ အဲဒီအပေါ်မှာ တပ်မတော်ဘက်က ကျေနပ်ခြင်းမရှိတဲ့အတွက် ပုသိမ်ခရိုင်တရားရုံးကို အယူခံတက်ရောက်ခဲ့ တာကြောင့် ဇူလိုင် ၁၆ ရက်နေ့မှာ ကျေန်ာတို့ ၈ ဦးစလုံး ခရိုင်တရားရုံးမှာ အမှုပြန်လည်ရင်ဆိုင်ရမှာပါ” လို့ ဒဏ်ငွေ ၅ဝဝဝဝ ကျပ်ချမှတ်ခံခဲ့ရတဲ့ ကိုအောင်ခန့်ဇော်က ပြောပါတယ်။

ပြဇာတ်ကို ကျောင်းသား ၉ ဦးက ပြခဲ့တာဖြစ်ပြီး အမှုရင်ဆိုင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကျောင်းသား မျိုးကိုကိုကိုလည်း ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅ဝဝ/၁၂ နဲ့ တရားခံပြေး ကြေညာထားတယ်လို့ ပုသိမ်မြို့နယ် တရားရုံးကနေ သိရပါတယ်။

“ကျောင်းသားတယောက်ကတော့ အမှုစရင်ဆိုင်တုန်းမှာပဲ ဆက်လက်လာရောက် ရင်မဆိုင်တော့တာကြောင့် ဝရမ်းထုတ်ထားတဲ့အတွက် ဒီအမိန့်နဲ့ မသက်ဆိုင်ပါဘူး။ ဒဏ်ငွေအမိန့်ကိုတော့ ကျောင်းသားတွေဘက်ကလည်း ကျေနပ်မှုမရှိဘူးဆိုရင် အပေါ်ရုံးကို ဆက်တက်လို့ ရသလို တဘက်ကလည်း ဆက်တက်လို့ရပါတယ်” လို့ ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က အမိန့်ချမှတ်ခဲ့ပြီးနောက် မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

အဲ့ဒီစစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကို လူမှုကွန်ရက်ပေါ် Live လွှင့်ခဲ့တဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးထွန်းထွန်းဦးကိုလည်း တပ်မတော်ကိုယ်စား အနောက်တောင်တိုင်း စစ်ဌာနချုပ်ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်က တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခဲ့ရာမှာတော့ ပုသိမ်မြို့နယ်တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဇွန်လ အတွင်းက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013