ပဲခူးတိုင်းက လယ်သမားများ အသိမ်းခံရသည့် လယ်မြေပေါ် ပြန်လည်ထွန်ယက်

ပဲခူးတိုင်း ပြည်မြို့ ပန်းတောင်းမြို့နယ်ထဲက လယ်သမားတွေဟာ စစ်အစိုးရ လက်ထက် သိမ်းယူခဲ့တဲ့ သူတို့လယ်မြေတွေကို သူတို့ပြန်လည်ထွန်ယက် စိုက်ပျိုးနေကြပါတယ်။ ဆင်တဲကျေးရွာအုပ်စုနဲ့ ပဲကြီးကုန်းကျေးရွာအုပ်စုနှစ်စုမှာ ထွန်ယက်ခဲ့ကြတာပါ။ အစိုးရအဆက်ဆက် သူတို့ လယ်တွေကို သိမ်းဆည်းပြီး သူတို့တွေကို စပါးပေးနဲ့ သီးခြားပြန်လည်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လယ်သမားတွေက သူတို့လယ်ကို သူတို့ပြန်လုပ်ခွင့်တောင်းပြီး ကိုယ့်လယ်ကိုယ် ပြန်ထွန်ယက်နေကြပါတယ်။ ဒီလ ၁၁ ရက်နေ့တုန်းက ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ ရဲတွေက ထွန်တဲ့ လယ်သမားတွေကို ဖမ်းဆီးမယ်လို့ သတိပေးထားတဲ့ကြားက သူတို့ရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ ထွန်ယက်စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ဆင်တဲကျေးရွာအုပ်စုထဲက ရွာသစ်ကုန်းကျေးရွာ၊ ပုတီးကုန်းကျေးရွာနဲ့ ပဲကြီးကုန်းကျေးရွာအုင်စု ဒေါင်းတိုက်ကျေးရွာက လယ်သမားတွေဟာ သူတို့လယ်မြေတွေပေါ်မှာ ဒီနေ့ မနက်မှာ လယ်ပြန်ထွန်ယက်ခဲ့ကြပါတယ်။ ဒီကနေ့ ထွန်ယက်ခဲ့တဲ့ လယ်သမား ဦးအောင်ကြွယ်က “ရွာသစ်ကုန်းကျေးရွာနဲ့ ပုတီးကုန်းကျေးရွာ ပေါင်းပြီး ထွန်ယက်ကြတာ။ ကျနော်တို့ မနက် ၆ နာရီကနေ ၁၀ နာရီခွဲအထိကို ၅ ဧကလောက် ပြီးသွားတယ်ဗျ။ အခု မိုးမရွာတာနဲ့ ထွန်ယက်လို့ မကောင်းလို့ သိပ်မပြီးတာ၊ မဟုတ်ရင် ၁၀ ဧကကျော်လောက် ပြီးနိုင်တယ်။ အခု မိုးမရွာတော့ မြေကြီးက အခြောက် ဖြစ်နေတော့ မတွင်ကျယ်ဘူး။” ဆင်တဲကျေးရွာအုပ်စုမှာ လယ်သမား ၈၀ ခန့် ထွန်ယက်ခဲ့တာဖြစ်ပြီး ပဲကြီးကုန်းအုပ်စုမှာ လယ်သမား ၇၀ ခန့် ထွန်ယက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ထွန်တဲ့လယ်တွေဟာ ကာကွယ်ရေးပစ္စည်း စက်ရုံ ၃ က သိမ်းဆည်းထားတဲ့ လယ်မြေတွေ ဖြစ်ပါတယ်။ လယ်သိမ်းခံရတဲ့ လယ်မြေတွေမှာ ပြန်လုပ်ခွင့်ရဖို့ တရားဝင် စာတင်ရင်လည်း ဘာမှဖြစ်လာနိုင်မယ် မထင်တာကြောင့် ကျေးရွာအုပ်စုလူကြီးကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ စစ်အစိုးရလက်ထက်မှာ ပန်းတောင်းတနယ်လုံးမှာ ဧကပေါင်း ၂ သိန်း နီးပါး သိမ်းဆည်းခဲ့တယ်လို့ လယ်သမားအရေးဆောင်ရွက်နေတဲ့ ကိုရဲထင်ကျော်က ရှင်းပြပါတယ်။ “ပန်းတောင်းတနယ်လုံးနီးပါးလို့ ပြောလို့ရတယ်။ အားလုံးပေါင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ဆင်းတဲ့ အမိန့်အရ လယ်မြေဧကပေါင်း ၁ သောင်း ၉ ထောင်နဲ့ ၃ ရာကျော် ရှိတယ်။ ကပစ ၅၊ ၆။ ကစစ လို့ ခေါ်တဲ့ အကြီးစား အထွေထွေ စက်မှုလုပ်ငန်း အမှတ် ၁၁ နဲ့ ၂၃။ ကထကလို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု သင်တန်းကျောင်း ပေါင်းစုံရှိတယ်။ လေကြောင်းရန် ကာကွယ်ရေးတပ် အမှတ် ၃၀၃၄ အဲ့ကနေ သိမ်းတာလည်းရှိတယ်။” ပန်းတောင်းမြို့နယ်မှာ ဘိုးဘွားပိုင်မြေတွေကို နယ်မြေခံစစ်တပ်နဲ့ ဌာနဆိုင်ရာတို့က ၁၉၇၀-၁၉၈၀ ပြည့်လွန်နှစ်တွေကစပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့မညီဘဲ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/pago farmer/]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up