ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ဟု သမ္မတဦးသိန်းစိန် ပြောကြား

Photo_ Reuters
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို လက်ခံမှာ မဟုတ်ဘူးလို့ မြန်မာ သမ္မတဦးသိန်းစိန်က ပထမဆုံးအကြိမ် အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၁ ရက်က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာ အန်တိုနီရို ဂုထရပ်စ်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် သမ္မတက အခုလို ပြောကြား လိုက်တဲ့အကြောင်း သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာပါ။ ရခိုင်ပြည်နယ်မှာ ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးမတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူတွေနဲ့ နောက်ပိုင်းမှာ ရိုဟင်ဂျာ အမည်ခံခိုးဝင်လာသူတွေနဲ့ ရှုပ်ထွေးနေပြီး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာနေပြီလို့ သမ္မတက ပြောပါတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများကို တာဝန်ယူမယ်၊ ရိုဟင်ဂျာတွေကိုတော့ လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နောက်ဆုံးဖြေရှင်းမယ့်နည်းကတော့ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးစခန်းရုံး (UNHCR) ထံ အပ်ပြီး၊ ဒုက္ခသည်စခန်းအဖြစ် ထားဖို့၊ UNHCR ကပဲ ကျွေးမွေး စောင့်ရှောက်ထားဖို့နဲ့ တတိယနိုင်ငံတွေက လက်ခံမယ် ဆိုရင်လည်း ပို့ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးမရခင် မြန်မာနိုင်ငံကို ရောက်လာတဲ့ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် မြေးအဆင့်ကိုတော့ နိုင်ငံသားအဖြစ် လက်ခံမယ့် ဥပဒေရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရဲ့ သဘောထားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up