Home
ဆောင်းပါး
အလေးပြုရတဲ့ နည်းပြ
ရွှေအောင်
·
July 7, 2018
အခုခေတ်တော့ နည်းပြလို့ ပြောလိုက်ရင် ဘောလုံးပွဲနည်းပြတွေပဲ အများစုက ပြေးမြင်ကြမယ်။ တက္ကသိုလ်က ဆရာတွေကိုလည်း နည်းပြလို့ ခေါ်ကြောင်း သိသူ နည်းမယ် ထင်တယ်။ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပနေချိန်ဖြစ်လို့ အခုပြောမယ့် နည်းပြအကြောင်းက သဘာဝကျကျ ဘောလုံးအသင်း နည်းပြတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေအကြောင်း ဘောလုံးသမားတွေအကြောင်း ပြောရင် နည်းပြတွေ အကြောင်းကလည်း ပါလာတတ်မြဲ မဟုတ်လား။ ဘယ်အသင်းနည်းပြကတော့ လူထုတ်ပုံကောင်းပြီး နည်းစနစ်ပိုင်း ကောင်းတယ်။ ဘယ်အသင်းနည်းပြကတော့ဖြင့် လူရွေးချယ်တဲ့အပိုင်း အားနည်းခဲ့ပြီး နည်းစနစ်ပိုင်း မကျေညက်ဘူး။ စသဖြင့် စသဖြင့် ဝေဖန်ပြောဆိုလေ့ရှိကြတယ်။ တခါ ဘယ်အသင်းနည်းပြကတော့ အသင်းနဲ့ လက်တွဲလာတာ ဘယ်နှနှစ်ကြာပြီမို့ အသင်းကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တယ်။ ဘယ်အသင်းနည်းပြကတော့ဖြင့် အခုမှ အသင်းနဲ့ လက်တွဲခဲ့သူဖြစ်လို့ အသင်းနဲ့ စိမ်းနေသေးတယ် စသဖြင့်လည်း ပြောဆိုဝေဖန်လေ့ ရှိကြတယ်။ ကွင်းဘေးက နည်းပြတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အမူအရာတွေကလည်း ပရိသတ်တွေအကြား ပြောစမှတ်ဖြစ်တာတွေလည်း ရှိသေးတယ်။ တခါ အောင်ပွဲခံတဲ့အခါ အလွန်အကျွံ အောင်ပွဲခံတဲ့ နည်းပြတွေအကြောင်းလည်း ပရိသတ်တွေက ဝေဖန်တတ်ကြပါသေးတယ်။ ဒီတကြိမ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ပြောစမှတ်ဖြစ်ရတဲ့ နည်းပြတွေ ထွက်ပေါ်ခဲ့ပြီး နည်းပြကြောင့် အသင်းပြိုင်ပွဲက ထွက်ရတာလို့ ဝေဖန်ခံရတဲ့ နည်းပြတွေလည်း ထွက်ပေါ်ခဲ့တာ တွေ့ရတယ်။ ‘နည်းပြတွေထဲက သက်တော်ရှည် နည်းပြကြီး တယောက်အကြောင်း ဆက်ချင်တယ်။ သက်တော်ရှည်လို့ သုံးရတာဟာ အသက် ၇၂ နှစ် ရှိနေတာကတကြောင်း၊ အသင်းနဲ့ ၁၂ နှစ်ကြာ လက်တွဲထားနိုင်သူ တဦးဖြစ်တာတကြောင်းတွေကြောင့်ဖြစ်ပြီး သူကတော့ ဥရုဂွေးအသင်း နည်းပြ အော်စကာတာဘာရက် ဖြစ်တယ်။ ဘောလုံးကွင်းထဲကို တုတ်ကောက်နဲ့ ဝင်လာတဲ့ သူ့ဟန်ပန်က ယုံကြည်ချက်အပြည့်နဲ့ ဖြစ်ပြီး ပွဲအတွင်း ပြုမူနေထိုင်ပုံကလည်း တည်ငြိမ်ပြီး ဣနြေ္ဒကြီးတယ်။ လိုအပ်ရင် တုတ်ကောက်ကြီး အားပြုပြီး ကွင်းစပ်ကနေ သူ့အသင်းကို လမ်းညွှန် ထိန်းကျောင်းတတ်သေးတယ်။ အသင်းနည်းပြနဲ့ ကစားသမားတွေဟာ လက်တွဲလာတာကြာပြီဖြစ်လို့ နားလည်မှု၊ ယုံကြည်မှုတွေရှိပြီး အသင်းလိုက် စုစည်းမှုလည်း ကောင်းနေတာ တွေ့ရတယ်။ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ ဥရုဂွေးအသင်းဟာ နောက်တန်း အကောင်းဆုံး အသင်းလို့ ပရိသတ်နဲ့ ဘောလုံးကျွမ်းကျင်သူတွေက သတ်မှတ်ခံထားရတယ်။ အသက်က ကြီးပြီး လူကလည်း မသန်တော့ပေမယ့် မာန်ကြီး ဟိတ်ဟန်ကြီးလှတဲ့ ဘောလုံးကွင်းထဲက နည်းပြကြီး အော်စကာတာဘာရက်ကို ကြည့်ပြီး တိုင်းပြည်ကို လက်ရှိ ခေါင်းဆောင်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြေးမြင်တယ်။ ယုံကြည်ချက် ကြီးကြီးမားမားနဲ့ လေးလေးစားစား လုပ်တတ်ကိုင်တတ်သူတွေ ဖြစ်လို့ သူတို့ကို  အတုယူဖို့လည်း ကောင်းတယ်။ အရပ်ပျပ်ပျပ်၊ ခေါင်းပြောင်ပြောင်နဲ့ ကွင်းဘေးမှာ တချိန်လုံးနီးပါး အော်ဟစ်ပြေးလွှား ညွှန်ကြားနေတတ်သူ နောက်နည်းပြတဦးကတော့ နာမည်ကြီးသလောက် မအောင်မြင်တဲ့ အာဂျင်တီးနားအသင်းရဲ့ နည်းပြ ဆမ်ပါအိုလီ ဖြစ်တယ်။ ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ အသင်းလူထုတ်ပုံ အပြောင်းအလဲ မကြာခဏလုပ်လွန်းလို့ အသင်းမအောင်မြင်တာဆိုပြီး အဝေဖန်ခံရဆုံး နည်းပြလည်း ဖြစ်တယ်။ ကစားသမားကောင်းတွေ အမြောက်အမြား ပိုင်ဆိုင်ထားတဲ့ အာဂျင်တီးနားအသင်းဟာ အုပ်စုအဆင့်က တက်ဖို့တောင် အနိုင်နိုင်ဖြစ်ခဲ့ရပြီး ကံကောင်းထောက်မစွာနဲ့ အုပ်စုအဆင့် တက်ခဲ့ပေမယ့် ရှုံးထွက်အဆင့်မှာ ပြင်သစ်ကို အရှုံးပေးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတယ်။ အာဂျင်တီးနား ကျရှုံးရခြင်းဟာ အသင်းနည်းပြရဲ့ လူထုတ်ပုံ အပြောင်းအလဲ များလွန်းလို့ နည်းပြနဲ့ ကစားသမားတွေကြား စကားများခဲ့လို့ဆိုတဲ့ သတင်းတွေထွက်ပြီး အခု နောက်ဆုံးတော့ အသင်းအုပ်ချုပ်သူတွေက နည်းပြ ဆမ်ပါအိုလီကို နုတ်ထွက်ခိုင်းနေပါပြီ။ အသင်းအုပ်ချုပ်သူတွေဘက်က ကြည့်ရင် ဒီလောက် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားရဲ့နဲ့ ရှုံးထွက်အဆင့်လောက်ကနေ အသင်းထွက်လာရတာကို ကျေနပ်မှာ မဟုတ်သလို အာဂျင်တီးနား ပရိသတ်တွေကလည်း လက်ခံနိုင်ဖို့ ခဲယဉ်းခဲ့တယ်။ (အိန္ဒိယမှာ အာဂျင်တီးနားပရိသတ် ၂ ယောက် အသင်းရှုံးလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်။) ဆမ်ပါအိုလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြောစမှတ်ဖြစ်ခဲ့တဲ့ နည်းပြတယောက် ဖြစ်ပါတယ်။ နောက်ဆုံး ပြောပြချင်တဲ့ နည်းပြတယောက်ကတော့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကိုပင် မှေးမှိန်သွားစေတဲ့ ထိုင်းက ဂူတခုထဲ ပိတ်မိခဲ့ကြတဲ့ ဘောလုံးအသင်းတခုက နည်းပြ ဖြစ်တယ်။ အသက် ၂၅ နှစ်လောက်ပဲ ရှိသေးတဲ့ လူငယ်နည်းပြလေးတဦးနဲ့ ကစားသမား ၁၂ ယောက်တို့ ချင်းရိုင်းက ဂူတခုထဲ ပိတ်မိခဲ့တဲ့ သတင်းဟာ ကမ္ဘာ့သတင်းဖြစ်ခဲ့ပြီး သူတို့ကို ရှာဖွေလို့ မတွေ့မချင်း တကမ္ဘာလုံးက လူတွေ စိတ်ပူခဲ့ကြရတယ်။ အေ(တ်)လို့ အတိုကောက်ခေါ်ပြီး နာမည်အပြည့်အစုံက  နိုင်းဧကဖုန်း ကျန်ထဝုန်းဟာ သူ့ကစားသမားတွေနဲ့အတူ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ဇွန်လ ၂၃ ရက်ကတည်းက ပိတ်မိခဲ့တာ ၁၀ ရက်ကြာမှ သူတို့ကို ရှာတွေ့တယ်။ အားလုံးကို အသက်ရှင်လျက်သား ပြန်ရှာတွေ့လို့ သူတို့သတင်း နားစွင့်နေသူတွေ အားလုံး ပျော်ရွှင်ခဲ့ကြရတယ်။ ကလေးတွေ ဂူထဲမှာ ၁၀ ရက်ကြာ အသက်ရှင်သန်အောင် ဘယ်လို နေခဲ့ကြသလဲ ဆိုတာကို လူတွေက စိတ်ဝင်စားခဲ့ကြတယ်။ ဒီအဖြေကို ကလေးတွေ ခိုအောင်းနေတဲ့ နေရာကို အရောက်သွားခဲ့ကြတဲ့ ထိုင်း စစ်တပ်ဆရာဝန်က နည်းပြကို မေးတော့ သူက ခုလို ဖြေသွားတယ်။ “ကျနော်တို့ ပိတ်မိနေပြီလို့ သိလိုက်တဲ့အချိန်မှာ ကလေးတွေကို သီလလုံအောင် နေခိုင်းတယ်။  အစာစားချင်စိတ် မပေါ်အောင်၊ ပင်ပန်းနွမ်းနယ်မှု မရှိအောင် မလှုပ်ရှားစေဘဲ ငြိမ်ငြိမ်လေး နေခိုင်းတယ်။ ကျနော်တို့တွေ စိတ်ငြိမ်အောင် တရားလည်း ထိုင်တယ်” တဲ့။ အသက် ၂၅ နှစ်လောက်ပဲ ရှိသေးတဲ့ ထိုင်းလူငယ် နည်းပြလေးကို အလေးပြုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024