ထပ်ဆောင်းခွန်ကောက်ခံမည့် အမေရိကန်လုပ်ရပ် WTO အဖွဲ့ဝင်နိုင်ငံများ စိုးရိမ်

ကားနဲ့ ကားပစ္စည်းတွေ တင်သွင်းမှုအပေါ် ထပ်ဆောင်းခွန်ကောက်ခံမယ့် အမေရိကန် အစိုးရရဲ့ လုပ်ရပ်ကို စိုးရိမ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) ရဲ့ အဖွဲ့ဝင်နိုင်ငံ ၄ဝ ကျော်က ပြောလိုက်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံနဲ့ တရုတ်၊ ဂျပန်တို့ အပါအဝင် WTO အဖွဲ့ဝင်နိုင်ငံတွေက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က WTO ဌာနချုပ်မှာ ခုလို ပြောလိုက်ကြတာပါ။ ဒီလုပ်ရပ်တွေဟာ ကမ္ဘာ့ဈေးကွက်ကို ဆိုးဆိုးရွားရွား သက်ရောက်နိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ လုပ်ရပ် ဖြစ်နိုင်ချေဟာ WTO ရဲ့ စနစ်တခုလုံးကို ခြိမ်းခြောက်ကောင်း ခြိမ်းခြောက်နိုင်တယ်လို့ ပြောရင်း အမေရိကန်ရဲ့ နောက်တိုး ထပ်ဆောင်းခွန်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့လည်း WTO အဖွဲ့ဝင် နိုင်ငံတွေက ပြောပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ထဲမှာ ကားလုပ်ငန်းဟာ အကြီးအကျယ် အရေးကြီးတယ်လို့လည်း သူတို့က ပြောပါတယ်။ အမေရိကန်ဟာ တုံ့ပြန်မှုတွေကို ဆက်တိုက်ရင်ဆိုင်ရမယ်၊ ဒီလုပ်ရပ်ဟာ တင်းမာမှု မြင့်စေပြီး WTO ရဲ့ စည်းမျဉ်းကို အခြေပြုထားတဲ့ ကမ္ဘာ့ဘက်စုံစနစ်ကို ပြိုလဲစေလိမ့်မယ်လို့ ဂျပန်ကိုယ်စားလှယ်က ပြောပါတယ်။ ဂျပန်အစိုးရဟာ ရုရှားနဲ့လည်း ကုန်စည်ကုန်သွယ်ရေးကောင်စီမှာ ညှိနှိုင်းဖို့ ပူးပေါင်းခဲ့ပါတယ်။ နိုင်ငံခြားကကားတွေ၊ ကုန်ကားတွေနဲ့ ကားပစ္စည်းတွေအပေါ် ထပ်ဆောင်းခွန် ၂၅ ရာခိုင်နှုန်းထိ တိုးကောက်နိုင်မယ့် ကားတင်သွင်းမှုဆိုင်ရာ အမျိုးသားလုံခြုံရေး စုံစမ်းစစ်ဆေးမှုကို အမေရိကန်အစိုးရက မေလကုန်မှာ စတင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up