နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် မူဝါဒရေးရာစဉ်းစားစရာများ (၂)

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့အတူ စီးပွားရေးပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကို တပြိုင်နက်တည်း အကောင်အထည်ဖော်နေတဲ့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ခိုင်မာလာစေရန်နဲ့ ရှေ့ဆက်ဆောင်ရွက်လာစေရန် တွန်းအားပေးတဲ့ အနေနဲ့ အနောက်နိုင်ငံတွေကလည်း စီးပွားရေးပိတ်ဆို့မှုတွေ ရပ်ဆိုင်းတာနဲ့ ရုပ်သိမ်းတာတွေ လုပ်ခဲ့ကြတယ်။ ဒီလိုအလားအလာကောင်းတွေ တွေ့မြင်နေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ၀င်ရောက်လာမယ့် အခြေအနေတွေ တွေ့မြင်နေရပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံအတွက် အခုအချိန်ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကြီးတခု ဖြစ်နေပြီဆိုတာ အပြောင်းအလဲမှာ ပါဝင် ပတ်သက်နေကြသူအားလုံး သိမြင်ကြပါတယ်။ မြန်မာပြည်သူတွေ သူတို့လူ့အဖွဲ့အစည်းကို ဘယ်လိုဖွံ့ဖြိုးတိုးတက် ချင်ပါသလဲ။ အလွန်အရေးကြီးတဲ့ မေးခွန်းဖြစ်ပြီး ဒီမေးခွန်းကို ဖြေဆိုဖို့ တာဝန်အရှိဆုံးသူတွေက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လက်ရှိ အစိုးရခေါင်းဆောင်နဲ့ နောင်မှာ တိုင်းပြည်အုပ်ချုပ်ရေးကို တာဝန်ယူဖို့ အလှည့်ကျလာနိုင်တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ ရှားပါးတဲ့ ဒီလိုအခွင့်အလမ်းမျိုးကို မြန်မာအစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတရပ်လုံးက ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲ ဆိုတာဟာ လက်ရှိကာလမှာ အကြီးဆုံး စိန်ခေါ်ချက် ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းအစိုးရရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ “ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတတ်ရေး” (People-centered Development) ဖြစ်တယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် ဖွံ့ဖြိုးတိုးတတ်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ “ဒီမိုကရေစီနဲ့ လျော်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး” (Democracy-friendly Development) ကို လိုချင်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အခရာကျတဲ့ အဓိက ခေါင်းဆောင်နှစ်ဦးရဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေကို ပြည်သူတွေ ဘယ်လိုနားလည်ပါသလဲ။ သမ္မတဦးသိန်းစိန်က “ပြည်သူလူထုဗဟိုပြု” လို့ သုံးနှုန်းလာပေမယ့် လက်ရှိအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေ ရေးဆွဲချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ဘယ်လိုနည်းနဲ့ ပြည်သူလူထုကို ဗဟိုပြုထားသလဲ၊ ဘယ်လိုအချက်တွေက ပြည်သူလူထုက ဗဟိုပြုဖြစ်သလဲဆိုတာ ထင်သာမြင်သာရှိတဲ့ လက်တွေ့ဆောင်ရွက်ချက်တွေကို ပြည်သူတွေသိရှိဖို့လိုပါတယ်။ ဥပမာတခုပြရရင် အစိုးရသစ်တက်လာတဲ့ သက်တမ်းတနှစ်ကျော်အတွင်းမှာ ပြည်ပမှ မော်တော်ကားတင်သွင်းခွင့် မူဝါဒတွေကို အမျိုးမျိုးချမှတ်နေတာနဲ့ သက်ဆိုင်ရာဌာနတွေက ကားတင်သွင်းချင်သူတွေ ဘယ်လိုနည်းလမ်းတွေနဲ့ တင်သွင်းခွင့်ပြုနေတယ်ဆိုတာကို “ပြည်သူလူထုဗဟိုပြု” တဲ့အနေနဲ့ ရှင်းလင်းမြင်သာမှုရှိရှိ ဆောင်ရွက်နေကြသလား ဆိုတဲ့ အချက် ဖြစ်ပါတယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ “ဒီမိုကရေစီနဲ့လျော်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး” ဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာကိုလည်း လေ့လာကြည့်သင့်ပါတယ်။ ဒီစကားလုံးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ၂၀၁၂ ခုနှစ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum on East Asia 2012) မှာ ဇွန်လ ၁ ရက်နေ့က မိန့်ခွန်း ပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးစတင်သုံးစွဲခဲ့ပြီး ဥရောပခရီးစဉ်တလျှောက်လုံးမှာလည်း ကြိမ်ဖန်များစွာ ပြောဆိုခဲ့ပါတယ်။ “ဒီမိုကရေစီနဲ့လျော်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး” ဖြစ်ဖို့ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ ၀င်ရောက်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ “ဒီမိုကရေစီနဲ့လျော်ညီတဲ့ ရင်းနှီးမြှုပ်နှံမှု” ဖြစ်ရမယ်လို့ ဗြိတိန်နိုင်ငံ ရောက်ရှိစဉ် ဗြိတိသျှလွှတ်တော်နှစ်ရပ်ပေါင်းကို သမိုင်းဝင် Westminster Hall မှာ မိန့်ခွန်းပြောကြားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည့် ထည့်သွင်း ပြောကြားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက မူရင်း အင်္ဂလိပ်စာပိုဒ်ကို ကိုးကားရရင် - “I hope also that British businesses can also play a role in supporting the democratic reform process, through what I have termed democracy-friendly investment. By this, I mean investment that prioritises transparency, accountability, workers' rights, and environmental sustainability. Investment, particularly in labour-intensive sectors, when carried out responsibly and with positive intent, can offer real benefits to our people. One test will be whether new players will benefit from the investment coming in…” ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီနဲ့လျော်ညီတဲ့ ရင်းနှီးမြှုပ်နှံမှု” ဆိုတာ “ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ အလုပ်သမား အခွင့်အရေးနဲ့ သဘာ၀၀န်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး” ကို ဦးစားပေးတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ရမယ်လို့ ဆိုပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ အများအပြားဖန်တီးပေးနိုင်တဲ့ ကဏ္ဍတွေမှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ တာဝန်ယူမှုရှိရှိ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်သူတွေကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် “ဒီမိုကရေစီနဲ့လျော်ညီတဲ့ ရင်းနှီးမြှုပ်နှံမှု” ဖြစ်မဖြစ်ကို စမ်းသပ်နိုင်တဲ့ အချက်တခုအဖြစ် ရင်းနှီးမြှုပ်နှံမှုတွေဟာ စီးပွားရေးနယ်ပယ်ထဲက လူသစ်တွေကို ဘယ်လောက် အကျိုးဖြစ်ထွန်းမှုရှိသလဲဆိုတာနဲ့ တိုင်းတာနိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနဲ့အတူ ထိုပြုပြင်ပြောင်းလဲမှုတွေဟာ ပွင့်လင်းမြင်သာမှု (Transparency) ရှိရမယ်၊ လူထုအပေါ် တာဝန်ခံမှု (Accountability) ရှိရမယ်ဆိုတဲ့ အချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြိမ်ဖန်များစွာပြောဆိုခဲ့တာ ကြာပါပြီ။ အထူးသဖြင့် နိုင်ငံတကာကပေးအပ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအပေါ် ယခင်ကာလတွေတုန်းက သဘောထားမေးမြန်းတဲ့အခါတိုင်း ထိုအချက်နှစ်ချက်ကို လိုက်နာကြဖို့ အမြဲသတိပေးပြောဆိုခဲ့ပါတယ်။ မြန်မာအစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်ပြီး မကြာသေးခင်က ဆွဒ်ဇလန်နိုင်ငံ ဂျနီဗာမြို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီး (ILO) ရဲ့ ၁၀၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံအတွင်း ဇွန်လ ၁၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားတဲ့အခါမှာလည်း မြန်မာ့စီးပွားရေးမှာ နိုင်ငံခြားဝင်ငွေအမြောက်အမြားကို အဓိကရရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုမရှိပုံကို အခုလိုထောက်ပြခဲ့ပါတယ်။ “The Myanmar Oil and Gas Enterprise (MOGE), the state-owned company under the Ministry of Energy with which all foreign participation in the energy sector takes place through joint-venture arrangements, lacks both transparency and accountability at present. The Government needs to apply internationally recognized standards, such as the IMF’s Code of Good Practices on Fiscal Transparency. Other countries could help by not allowing their own companies to partner MOGE, unless it was signed up to such codes. This would also ensure that their own companies would subject to the above codes themselves, and to the various requirements of publish what you pay.” မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ်များအတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်တွေ ရှာဖွေတွေ့ရှိခဲ့ပြီး ထုတ်ယူသုံးစွဲဖို့ နည်းပညာနဲ့ ငွေကြေးအရင်းအနှီးမရှိတဲ့အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုအများစုနဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးကို လုပ်ခဲ့ကြပါတယ်။ ငွေကြေးအရင်းအနှီးကြီးမားသလို အမြတ်အစွန်းလည်းကြီးမားတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ကဏ္ဍကို မြန်မာအစိုးရပိုင် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေနဲ့ အဓိကပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ MOGE အပေါ် ဝေဖန်ထောက်ပြချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ချေပတဲ့အနေနဲ့ မြန်မာအစိုးရဘက်က နိုင်ငံပိုင်သတင်းစာကနေ MOGE နဲ့ နိုင်ငံတကာက ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ အလွန်ပွင့်လင်းမြင်သာမှုရှိရှိ ပူးပေါင်းဆောင်ရွက်ခဲ့တာဟာ အခုမှမဟုတ်ဘဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကတည်းက ဖြစ်ပြီး စစ်အစိုးရလက်ထက်နဲ့ အခုအချိန်အထိ တောက်လျှောက်ဆောင်ရွက်ခဲ့ကြောင်း ဆောင်းပါးရှင် ကိုကိုလှိုင် အမည်နဲ့ ရေးသားခဲ့ပါတယ်။ စစ်အစိုးရခေတ်မှာ ဘယ်တုန်းကမှ ထုတ်ဖော်ပြောဆိုခဲ့တာမရှိတဲ့ ကမ်းလွန်သဘာဝဓာတ်ငွေ့ ရောင်းရငွေပမာဏကိုလည်း အဲ့ဒီဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့ပေမယ့် ဒီဆောင်းပါးမှာပါဝင်တဲ့ ကုမ္ပဏီစာရင်းတွေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ရောင်းရငွေကိန်းဂဏန်းတွေရဲ့ တိကျမှန်ကန်မှုအတွက် MOGE က တရားဝင်ထုတ်ပြန်ချက်တွေအဖြစ် ကိုးကားဖော်ပြခဲ့တာမျိုး မတွေ့ရဘဲ ဆောင်းပါးရှင်က MOGE ကို ကိုယ်စားပြုဟန် ရေးသားထားပါတယ်။ အဲ့ဒီအတွက် MOGE က တာဝန် ခံရပါလိမ့်မယ်။ ဒီဆောင်းပါးအရ မြန်မာနိုင်ငံက နှစ်စဉ် သဘာဝဓာတ်ငွေ့ ရောင်းရငွေဟာ ရတနာဓာတ်ငွေ့မြေမှ အမေရိကန် ဒေါ်လာ ၄၈၀ သန်းနဲ့ ရဲတံခွန်ဓာတ်ငွေ့မြေမှ ၆၀၀ သန်း ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါအပြင် လေဆီ (ရေနံအပေါ့စား) ရောင်းရငွေ နှစ်စဉ် ၂၁၃ သန်းရှိကြောင်းလည်း ဖော်ပြထားပါတယ်။ ဒီလိုကိန်းဂဏန်းတွေဖော်ပြပေးပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီစာရင်းဖော်ပြပေးရုံနဲ့ “အလွန်ပွင့်လင်း၍ ထင်သာမြင်သာရှိသောစနစ်” လို့ သုံးနှုန်းခဲ့တာဟာ ဆောင်းပါးရှင်က ပွင့်လင်းမြင်သာမှု (Transparency) ဆိုတာဟာ အစိုးရနဲ့ကုမ္ပဏီတွေကြားမှာရှိရင် ရပြီဆိုတဲ့ သဘော ဖြစ်နေပါတယ်။ ဒီဆောင်းပါးအရ သဘာဝဓာတ်ငွေ့ ရောင်းရငွေစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁.၀၈၀ ဘီလီယံဖြစ်ပြီး နိုင်ငံတော်က နှစ်စဉ် ရရှိနေတယ်လို့ နားလည်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်ရှိရောင်းချနေတဲ့နိုင်ငံမှာ ထိုင်းနိုင်ငံတခုတည်း ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအကောက်ခွန်ဌာနက မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့တင်သွင်းမှုတန်ဖိုး တရားဝင်ကိန်းဂဏန်းတွေနဲ့ ချိန်ထိုး ကြည့်တဲ့အခါ များစွာကွဲလွဲနေတာကို အောက်ပါဇယားကွက်ပါ ကိန်းဂဏန်းတွေက ပြသနေပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ လွန်ခဲ့တဲ့ ၁၁ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ ၀ယ်ယူ တင်သွင်းမှုတန်ဖိုးကို ထိုင်းအကောက်ခွန်ဌာန ပြက္ခဒိန်နှစ်အလိုက် တွက်ချက်ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘဏ္ဍာရေးနှစ်အလိုက် စာရင်းများပြုစုဖော်ပြတဲ့အတွက် ဘဏ္ဍာရေးနှစ်အစဟာ ဧပြီလ ၁ ရက်နေ့ဖြစ်ပြီး နှစ်အဆုံးက မတ်လ ၃၁ ရက်ဖြစ်ပါတယ်။ ကိန်းဂဏန်းများကိုလည်း ထိုင်းနိုင်ငံသုံး ဘတ်ငွေနဲ့ဖော်ပြထားတဲ့အတွက် ထိုင်းဗဟိုဘဏ်ရဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း နှစ်စဉ် ငွေလှယ်နှုန်း ပျမ်းမျှနှုန်းနဲ့ တွက်ချက်ဖော်ပြထားပါတယ်။ ဇယားပါ ကိန်းဂဏန်းတွေကို လေ့လာကြည့်ရင် အစောပိုင်း ၃ နှစ်တာ ကာလကလွဲရင် ၀ယ်ယူမှုတန်ဖိုး တရိပ်ရိပ်တတ်လာတာ မြင်ရပါလိမ့်မယ်။ မြန်မာအစိုးရရဲ့ သတင်းစာထဲက ဖော်ပြချက်တန်ဖိုးဟာ ၂၀၀၄ ခုနှစ်က သဘာဝဓာတ်ငွေ့ ရောင်းရငွေ နှုန်းထားနဲ့ နီးစပ်မှုရှိနေတာ တွေ့ရမှာပါ။ ၂၀၀၈ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ ၀ယ်ယူမှု စံချိန်တင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃.၁၁၃ ဘီလီယံ ကျော်ခဲ့ပါတယ်။ ထို့အတူ ၂၀၁၁ ခုနှစ်မှာ ၃.၀၇၇ ဘီလီယံကျော်ဖိုး ၀ယ်ယူခဲ့ပါတယ်။ ဒါကြောင့် ၁၁ နှစ်တာ ကာလအတွင်း သဘာဝဓာတ်ငွေ့ဝယ်ယူမှုတန်ဖိုး စုစုပေါင်း ထိုင်းဘတ်ငွေ ၇၁၀.၂၇၁ ဘီလီယံကျော် ရှိပြီး ဒေါ်လာအနေနဲ့ ၂၀.၁၄၄ ဘီလီယံကျော် ရှိတဲ့အတွက် တနှစ်ပျမ်းမျှဝယ်ယူမှု တန်ဖိုးဟာ ဒေါ်လာ ၁.၈၃၁ ဘီလီယံ ကျော် ရှိခဲ့ပါတယ်။ ဒါ့အပြင် “ပွင့်လင်းမြင်သာမှု” ဆိုတာ သဘာဝဓာတ်ငွေ့ရောင်းရငွေတန်ဖိုးကို ဖော်ပြရုံသက်သက်မဟုတ်ဘဲ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုစည်းကမ်းချက်တွေနဲ့ တင်ဒါခေါ်ယူခဲ့သလဲ၊ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတွေကို ဘယ်လိုစိစစ်ခဲ့သလဲ၊ ထွက်ရှိလာတဲ့ သဘာဝဓာတ်ငွေ့ ယူနစ်တန်ဖိုးကို ဘယ်လိုစနစ်တွေနဲ့ သတ်မှတ်သလဲ၊ ရောင်းချရရှိမယ့် အကျိုးအမြတ်ကိုခွဲဝေရာမှာ ဘယ်လိုညှိနှိုင်းသလဲ၊ လုပ်ငန်းစာချုပ်ချုပ်ဆိုတဲ့အခါ စာချုပ်ပါစည်းကမ်းချက်တွေက ဘာတွေလဲ၊ သဘာဝဓာတ်ငွေ့ရောင်းရငွေကို ကုမ္ပဏီတွေဘက်က ဘယ်လိုစနစ်နဲ့ ပေးချေသလဲ၊ ရရှိလာတဲ့ဝင်ငွေကို နိုင်ငံတော်ဘတ်ဂျက်မှာ ဘယ်လိုသုံးစွဲသလဲ…စတဲ့ အရေးကြီးတဲ့ အချက်ပေါင်းများစွာကို အခုအချိန်အထိ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီကလွဲလို့ ဘယ်သူမှ မသိကြပါဘူး။ ဒီနေရာမှာ လေ့လာစရာအချက်က နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မူဝါဒရေးရာ အသုံးအနှုန်းတွေကို လက်တွေ့မှာ ဘယ်လို နားလည်ပြီး အကောင်အထည်ဖော်နေသလဲဆိုတာ လေ့လာသင့်ပါတယ်။ တကယ်တော့ ဘယ်လိုလုပ်ငန်းမျိုးမဆို လုပ်ဆောင်တဲ့အခါမှာ ဖြစ်စဉ်တလျှောက်လုံးမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပြီး ဖြစ်စဉ်ရဲ့ တပိုင်းတစကို ဖော်ပြတာဟာ ပွင့်လင်းမြင်သာမှုကို အလွဲသုံးစားလုပ်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သတိရှိဖို့လိုပါတယ်။ ခြုံပြီးပြောရရင်တော့ “ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတတ်ရေး” ဖြစ်စေ “ဒီမိုကရေစီနဲ့လျော်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး” ဖြစ်စေ အစိုးရတရပ်အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်စီမံခန့်ခွဲတဲ့နေရာမှာ “ပွင့်လင်းမြင်သာမှု” နဲ့ “တာဝန်ခံမှု” ကို ရိုးသား ဖြောင့်မတ်စွာနဲ့ အနှစ်သာရရှိရှိ ကျင့်သုံးတာကို မြန်မာပြည်သူတွေ တွေ့မြင်လိုတာဟာ ပြည်သူ့ဆန္ဒအမှန်သာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up