Home
မြန်မာသတင်း
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို လုပ်ကိုင်လိုသည့် ကုမ္ပဏီ ၅ဝကျော်ရှိ
DVB
·
July 5, 2018
ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်းကို လုပ်ကိုင်ဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပကုမ္ပဏီပေါင်း ၅ဝ ကျော်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မယ့်  Yangon Elevated Expressway ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်းအတွက် စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံလိုသူတွေအနေနဲ့  စိတ်ဝင်စားမှု လျောက်လွှာ(EoI)တွေ ပေးပို့လျောက်ထားဖို့ ဖိတ်ခေါ် ကြော်ငြာခဲ့ရာမှာ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံလိုသူ အဆိုပြုလျှောက်လွှာတင်သွင်းတဲ့ ကုမ္ပဏီ (၅၃)ခုရှိတယ်လို့ ဆိုပါတယ်။ အဆိုပြုလွှာတင်သွင်းထားတဲ့ ပြည်ပကုမ္ပဏီတွေထဲမှာ တရုတ်ကုမ္ပဏီတွေက ၁၃ ခုနဲ့ အများဆုံးဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊   အိန္ဒိယ၊ တူရကီနဲ့ ပြင်သစ် ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ဒီစီမံကိန်းကို လုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်း ကုမ္ပဏီကတော့ ၁၇ ခုရှိပြီး ဒီအထဲမှာ ရွှေတောင်၊ မက်စ်၊ မြန်မာသီသဝါ၊ ဒိုင်းမွန်းပဲလေ့စ်နဲ့ ပုဂံစီးပွားရေးအုပ်စု ဆောက်လုပ်ရေး ကုမ္ပဏီ စတာတွေပါဝင်ပါတယ်။ အခုလို စီမံကိန်းအတွက် စိတ်ဝင်စားမှု လျှောက်လွှာများ (EoI) ခေါ်ယူတာဟာ တင်ဒါလုပ်ငန်းရဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ် သြဂုတ်လမှာ စီမံကိန်းအတွင့်  Request for Qualifications (RFQ) ခေါ်ယူဖို့ ပြင်ဆင်နေပြီး အခုနှစ်   နောက်ဆုံးသုံးလပတ်အတွင်း Request for Proposals (RFP) ခေါ်ယူတာကို ဆက်လက် ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ ရန်ကုန် မိုးပျံလမ်းဖောက်လုပ်ရေးအတွက် တင်ဒါတင်သွင်းလာကြတဲ့ ကုမ္ပဏီတွေကို ရွေးချယ်တဲ့နေရာမှာ ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာ ငွေဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က အဓိက အကြံဉာဏ်ပေးမှာဖြစ်ပြီး အရည်အသွေး စံချိန်စံညွှန်း မီစေဖို့အတွက် IFC ကို အကြံပေးလုပ်ငန်း ဆိုင်ရာကိစ္စတွေကို ငှားရမ်းဆောင်ရွက်သွားစေမှာ ဖြစ်ပါတယ်။ ဒီအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ IFC တို့ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်မှာ နှစ်ဖက် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီးလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ၂ဝ ဒသမ ၅ ကီလိုမီတာအရှည် လေးလမ်းသွား တောင်-မြောက် Elevated Expressway Toll Road စီမံကိန်း PPP အစီအစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ဆောင်ရွက်သွားမယ်”လို့ ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတင်မယ့် လေးလမ်းသွား မိုးပျံလမ်းစီမံကိန်းဟာ  ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှု ပြဿနာကို တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့နဲ့ ရန်ကုန် ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို လျှော့ချနိုင်ဖို့လည်း ရည်ရွယ်လုပ်ေ ဆာင်တာ ဖြစ်ပါတယ်။ မိုးပျံလမ်းစီမံကိန်းပြီးရင်  ရန်ကုန်မြို့တွင်းကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို  မိနစ် ၂ဝ လောက်နဲ့ သွားရောက်နိုင်မှာ ဖြစ်သလို ရန်ကုန်မြို့တွင်းကနေ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁ နာရီလောက်နဲ့ သွားရောက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024