Home
မြန်မာသတင်း
လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်မထားရန် ဒေသခံများ စစ်ကြောင်းချီဆန္ဒပြ
နော်နိုရင်း
·
July 3, 2018
36626641_401696750318502_5201525658282360832_o
36612701_401696646985179_7133974746336591872_o
36566652_401696970318480_7265398761319301120_o
36519228_401696460318531_859116020386758656_o
ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ ထားရှိမှာကို မလိုလားတဲ့အတွက် ဒေသခံ​တိုင်းရင်းသား​တွေက စစ်ကြောင်း ၃ခု လူအင်အား ထောင်ချီပြီး ဒီကနေ့မနက် လမ်းပေါ်ထွက် ဆန္ဒထုတ်​​ပြနေကြပါတယ်။ ကယားပြည်နယ် ရှားတောလမ်းမ၊ ဒီမောဆိုလမ်းမ၊ နဲ့ မိုးဗြဲလမ်းမ စတဲ့ စစ်ကြောင်း ၃ ခု ချီတက်လာကြတာဖြစ်ပြီး လွိုင်ကော်မြို့နယ် နာရီစင်နေရာမှာ တောင်းဆို ဆန္ဒပြကြတာ ဖြစ်ပါတယ်။ ဒေသခံတွေအနဲ့ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားမှာကို မလိုလားကြောင်း ထုတ်ပြန်ကန့်ကွက်ခဲ့ပြီး ပြည်နယ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရဘက်က တွေ့ဖို့ အကြောင်းမပြန်ခဲ့လို့ အခုလို လမ်းပေါ်ထွက်ဆန္ဒပြရတာလို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့အတွင်းရေးမှူး(၂) ဆရာသောမတ်စ်က ပြောပါတယ်။ “ဗိုလ်ချုပ်ကြေးရုပ်လွိုင်ကော်မှာ တည်မယ့်ကိစ္စ  ကျနော်တို့ကန့်ကွက်ရတာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုကို ကျနော်တို့ကန့်ကွက်ရတာဖြစ်တယ်။ ကျနော်တို့ လမ်းပေါ်မထွက်ခင်အထိက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အစိုးရကို တောင်းဆိုထားပေမယ့်လည်း ဒီပေါ်မှာတွေ့ဖို့ အကြောင်းမပြန်ခဲ့ဘူး။ တွေ့လည်း မတွေ့သင့်ဘူးလို့ ပြောလို့ ကျနော်တို့လမ်းပေါ် ထွက်တဲ့အခြေအနေထိ ရောက်သွားတာ။ ” ကရင်နီပြည်နယ်ဟာ သီးခြားလွတ်လပ်ခဲ့တဲ့ ပြည်နယ်အဖြစ် ရှိခဲ့သလို ဒီပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေက လေးစားမြတ်နိုးရတဲ့ ခေါင်းဆောင်အသီးသီးလည်း ရှိနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို မတည်သင့်တာကြောင့် ချက်ချင်းရပ်တန့်ပေးဖို့ လူငယ်တွေ က တောင်းဆိုခဲ့ပါတယ်။ ဒီဆန္ဒထုတ်ဖော်ပွဲမှာ ကယားပြည်နယ်အတွင်းက ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ကယား၊ ကယော၊ ကယန်း၊ ကော်ယော်နဲ့ ဂေဘားလူငယ်တွေလည်း ပါဝင် ကန့်ကွက်ကြပါတယ်။ ငြိမ်းချမ်းရေးအခြေအနေ မရေရာသေးဘဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ကယားပြည်နယ်ထဲ လာရောက်ထားရှိပါက ပြဿနာတွေကို ပိုမိုကြီးထွားပြီး တိုင်းရင်းသားတွေ အကြား သွေးကွဲမှု ပိုမိုဖြစ်စေမယ်လို့လည်း ဆရာသောမတ်စ်က ပြောပါတယ်။ “ကရင်နီပြည်သမိုင်းဆိုတာ နဂိုကတည်းက သီးခြားလွတ်လပ်တဲ့ပြည်နယ်ပဲ ဗျာ။  နောက်တခုက ကရင်နီပြည်မှာရှိတဲ့ လူမျိုးစုအသီးသီးရဲ့ အမျိုးသားခေါင်းဆောင်ဆိုတာရှိ တယ်ဗျာ။ ပြည်နယ်မှာရှိနင့်ပြီးသား ခေါင်းဆောင်အသီးသီးတွေရဲ့ ပုံရိပ်တွေကို မဖော်ထုတ်သေးဘဲနဲ့ ပြည်မကနေ လွတ်လပ်ရေးဖခင်လို့ပြောရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်မယ်ဆိုရင်တော့ ကျနော်တို့ရဲ့သမိုင်းတွေ ဖျောက်ဖျက်ချင်တဲ့ သဘောမျိုး သက်ရောက်တယ်လို့ ကျနော်တို့ယူဆတယ်။ နောက်တခုက ကျနော်တို့ဒီမှာရှိနေတဲ့ ဌာနေတိုင်းရင်းသား အချင်းချင်းကြားမှာ သွေးခွဲမှုတွေ ပိုပြီးဖြစ်လာမယ်လို့ကျနော်တို့ထင်တယ်။ နောက်တခုက ကျနော်တို့ပြည်နယ်မှာ အခုချိန်ထိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေရေရာရာ အခြေအနေလည်း မရောက်သေးဘူး။ နိုင်ငံရေးအရ ဘုံသဘောတူညီချက်လည်း မရှိသေးတဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရင်တော့ မဖြစ်သင့်တဲ့ပြဿနာတွေ၊ နောက်ဆက်တွဲ သမိုင်းပျောက်စေတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာမယ်လို့ ကျနော်တို့လမ်းပေါ်ထွက် ဆန္ဒပြရခြင်း ဖြစ်တယ်” ကယားပြည်နယ်အစိုးရကတော့ လွိုင်ကော်မြို့၊ ကန္တာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကို လာမယ့် ဇူလိုင် ၁၉ အာဇာနည်နေ့အမီ ပြုလုပ်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ဟာ  ကြေးပိသာချိန် (၁၀၀၀)၊ အမြင့် (၁၅)ပေရှိပြီး ငွေကျပ် သိန်း ၆၀၀ ကုန်ကျမှာဖြစ်ပါတယ်။ ဓာတ်ပုံ - KNIC
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024