ဒေါက်တာမြလေးစိန်ကို ကျန်းမာရေးနှင့်အားကစား ဒုဝန်ကြီးအဖြစ်ခန့်အပ်
DVB
·
July 3, 2018

အားကစားကျန်းမာရေးပညာရှင် ဒေါက်တာမြလေးစိန်ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးအဖြစ် သမ္မတ ဦးဝင်းမြင့်က ခန့်အပ်တာဝန်ပေး လိုက်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ)နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်တွေအရ ခန့်အပ်တာဝန် ပေးလိုက်တာလို့ ဇူလိုင် ၂ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဒေါက်တာမြလေးစိန်ဟာ အားကစားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် တဦးဖြစ်ပြီး အားကစားဝန်ကြီးဌာန လက်အောက်ရှိ အာကစားကျန်းမာရေးဌာန ညွန်ကြားရေုးမှူး တာဝန်နဲ့ ကျန်းမာရေးနဲ့အားကစားကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။
လက်ရွေးစင်ကြက်တောင်ရိုက် အားကစားသမားဟောင်းတဦးဖြစ်တဲ့ ဒေါက်တာ မြလေးစိန်ဟာ မြန်မာနိုင်ငံ ကြက်တောင်အားကစား အဖွဲ့ချုပ်ရဲ့ လက်ရှိ ဒုဥက္ကဋ္ဌလည်း ဖြစ်သလို နိုင်ငံတကာ ကြက်တောင်အားကစားအဖွဲ့ချုပ်ရဲ့ ကောင်စီဝင်တဦးလည်းဖြစ်ပါတယ်။
ရန်ကုန် ဆေးတက္ကသိုလ် (၁) ကနေ ၁၉၈၂ ခုနှစ်မှာ MBBS ဘွဲ့ရခဲ့ပြီး ကျန်းမာရေးနဲ့ အားကစားပညာ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေကို သြစတြေးလျနိုင်ငံ New South Wales တက္ကသိုလ်ကနေ ရရှိခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲနဲ့ ဆီးဂိမ်းမ် အရှေ့တောင်အာရှ အားကစားပွဲတွေအပါအ၀င် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ နိုင်ငံကိုယ်စားပြု လက်ရွေးစင် ဘောလုံးအသင်း၊ ကြက်တောင်အသင်းနဲ့ အလေးမ အသင်းတွေမှာ အားကစားဆရာဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။