လားရှိုးတွင် ခရီးသည်တင်ယာဉ်နှင့် ၂၂ ဘီးယာဉ်တိုက်မှု ဖြစ်ပွား၊ ၁၃ ဦး ဒဏ်ရာရ
DVB
·
July 2, 2018
လားရှိုးမြို့နယ်မှာ ခရီးသည်တင်ယာဉ်နဲ့ ၂၂ ဘီးယာဉ် တိုက်မှုကြောင့် ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီလောက်က လားရှိုးမြို့နယ် နောင်လန်းကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းကြီး မိုင်တိုင် (၁၅၈/၁-၂)ကြားမှာ နိုင်းနိုင်း မောင်းနှင် တဲ့ ခရီးသည်တင်မှန်လုံယာဉ်က ရှေ့မှယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြော ရောက်ရှိပြီး ဇော်လင်းအောင် မောင်းနှင်ပြီး နေထက်နိုင် လိုက်ပါလာတဲ့ ၂၂ ဘီးယာဉ်အား ဝင်တိုက်မိခဲ့တာပါ။
နိုင်းနိုင်းနဲ့ နေထက်နိုင်တို့ ၂ ဦးလုံး စိုးရိမ်ရာ ဒဏ်ရာတွေရရှိခဲ့ပြီး ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ၁၁ ဦးကာတော့ မစိုးရိရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်းနိုင်းအား နောင်မွန် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ (ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။