ပျောက်ဆုံး ထိုင်းလူငယ်များအရေး ရှမ်းပြည်နယ်ဝန်ကြီးတဦး သွားရောက်အားပေး
DVB
·
July 1, 2018
ထိုင်းလူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြ ၁ ဦးတို့ ပျောက်ဆုံးသွားတဲ့ မယ်ဆိုင်လိုဏ်ဂူအထိ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှမ်တစ်ပ်လုံ နဲ့ အဖွဲ့ဝင် ၁၁ ဦးဟာ ဇွန်လ ၃၀ ရက်နေ့က သွားရောက်အားပေးခဲ့ကြပါတယ်။
ဝန်ကြီးနှင့်အဖွဲ့က မယ်ဆိုင်ဂူနဲ့ မြန်မာဘက်ခြမ်းကဂူတွေ ဆက်စပ်မှုမရှိကြောင်း ပြောဆိုခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့သတင်း (Police Thailand News) မှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဒေသက ထိုင်းလူငယ်တွေ ပျောက်ဆုံးနေတဲ့ လိုဏ်ဂူကို ဦးစိုင်းရှမ်တစ်ပ်လုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင်တာဝန်ရှိသူတွေ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတွေ သွားရောက်ခဲ့ကြတာပါ။
လူငယ် ၁၃ ဦး ပိတ်မိနေတဲ့ မယ်ဆိုင်မြို့ရှိ လိုဏ်ဂူနှင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြိုနယ်အတွင်းမှ တောင်ကုန်းတွေနဲ့ လိုဏ်ဂူတွေ ဆက်စပ်နိုင်တယ်ဆိုပြီး ယူဆကာ ထိုင်းက အကူအညီတောင်းခံလာမှုအရ တာချီလိတ် ခရိုင်နဲ့မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုနဲ့အတူ မီးသတ်၊ ရဲ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး ဇွန် ၂၈ ရက်နေ့က ပုန်းထွန်ရပ်ကွက်ရှိ ငွေစေတီကုန်း လိုဏ်ဂူ၊ ဇွန် ၂၉ ရက်နေ့ က သီရိရတနာဂူ၊ ဇွန် ၃ဝ ရက်နေ့က ကျောက်တောင်အနီး ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းရှေ့ရှိ လိုဏ်ဂူတွေမှာ ကူညီရှာဖွေပေးခဲ့ပေမယ့် ထူးခြားချက်မရှိဘူးလို့ သိရပါတယ်။
ဘောလုံးသမားလူငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း ဂူထဲကိုဝင်သွားကတည်းက ပြင်ပနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ ဖြစ်ပြီး တပတ်ကျော်ကြာ အခုချိန်ထိ ဂူထဲမှာပိတ်မိနေတယ်လို့ ယူရဆပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေက နေ့ညမပျက် အားသွန်ခွန်စိုက်ဆောင် ရွက်နေပေမယ့် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုက ရှာဖွေရေးကို အဟန့်အတားဖြစ်စေကာ ဝင်ပေါက်ကိုလည်း ပိတ်ဆို့စေခဲ့ပါတယ်။
ဒါပေမယ့် ဇွန်လ ၃ဝ ရက်နေ့မှာတော့ ထိုင်းနေဗီဆီးလ်တပ်ဖွဲ့ဝင်တွေဟာ လှိုဏ်ဂူအတွင်းမှာရှိတဲ့ တီပုံသဏ္ဌာန် ဆုံမှတ်နေရာကို ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပါတယ်။
ကယ်ဆယ်ရေးရေငုပ်သမားတွေက ရေနစ်မြုပ်နေတဲ့ ဂူအတွင်းပိုင်း ကီလိုမီတာ အနည်းငယ်အထိ ရောက်ရှိနိုင်ခဲ့တာကြောင့် ပျောက်ဆုံးနေတဲ့ ဘောလုံးသမားလေးတွေကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက်တွေ ပိုမိုခိုင်မာလာခဲ့ပြီလို့ pattayaone သတင်းမှာ ဖော်ပြထားထားပါတယ်။
ဒီနေရာဟာ ပျောက်ဆုံးနေတဲ့ ကလေးတွေရှိမယ်လို့ ယုံကြည်ရတဲ့နေရာနဲ့ နှစ် သို့မဟုတ် သုံးကီလိုမီတာအကွာမှာ ရှိနေတယ်လို့ ထင်ကြောင်း ချင်းရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။