Home
ဆောင်းပါး
ထိုင်း တောဝက် ဘောလုံးအသင်း ကလေးတွေရဲ့ ကံကြမ္မာ နဲ့ မျှော်လင့်ချက်
DVB
·
June 30, 2018
လွန်ခဲ့တဲ့ သတင်းပတ်စနေနေ့ကတည်းက ထိုင်းနိုင်ငံ မယ်ဆိုင်ခရိုင် ချင်းရိုင်က ထမ်လောင်ဂူထဲကို ဝင်ရောက်လေ့လာစူးစမ်းကြရင်း အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အရွယ် ‘တောဝက်’ ဘောလုံးအသင်းဝင်ကလေး ၁၂ ယောက်နဲ့ အသက် ၂၆ နှစ်အရွယ် အသင်းနည်းပြ ဆရာလေးတို့ ပြန်ထွက်မလာဘဲ ပျောက်ဆုံးနေတဲ့သတင်းဟာ နိုင်ငံတကာက ပြည်သူတွေ အထူးစိတ်ဝင်စားနေတဲ့ သတင်းဖြစ်နေခဲ့ပါပြီ။ သူတို့လေးတွေရဲ့ အသက်ကိုကယ်ဖို့ ထိုင်းအာဏာသိမ်း စစ်အစိုးရဦးဆောင်တဲ့ တနိုင်ငံလုံးက ပညာရှင်တွေ၊ ပုလိပ်တပ်ဖွဲ့၊ စစ်တပ်နဲ့ကယ်ဆယ်ရေးတွေ အင်အား ၁ဝဝဝ ကျော် သုံးပြီး ကြိုးစားနေကြတာကိုလည်း သတင်းမီဒီယာတွေမှာ တွေ့မြင်ဖတ်ရှု နေရပါတယ်။ ထိုင်းနိုင်ငံက သူတို့မှာ မရှိတဲ့ ခေတ်မီကယ်ဆယ်ရေးသုံးစက်ပစ္စည်းတွေကို အမေရိကန်နိုင်ငံကို အကူအညီတောင်း တောင်းယူခဲ့သလို အမေရိကန်က အဖွဲ့ဝင် ၃၂ ယောက်ပါတဲ့ ပစိဖိတ်ဌာချုပ်က ကယ်ဆယ်ရေး အထူးကျွမ်းကျင်သူ အဖွဲ့ကို စေလွှတ်ပေးခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက ရေငုပ်အဖွဲ့ဝင်တဖွဲ့လည်း ကလေးတွေကို ကယ်ဆယ်ရေးမှာ ပူးပေါင်းဆောင်ရွက်ကူညီပေးဖို့ ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒီလိုကယ်ဆယ်ရေးကို စနစ်တကျ ကျွမ်းကျင်သူတွေနဲ့ စနစ်တကျအင်နဲ့အားနဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွြေု့မင်နေရလို့ ကလေးတွေအတွက် အားတက်ရပေမယ့် ဆိုးဝါးလှတဲ့မုန်တိုင်းမိုးက အဆက်မပြတ် ရွာသွန်းနေခဲ့လို့ ကယ်ဆယ်ရေးသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့ညကစပြီး သဲသဲမည်းမည်းရွာချခဲ့တဲ့ မိုးဟာ ကြာသပတေးနေ့ လင်းအားကြီးပိုင်းအထိ ၅ နာရီလောက်ကြာအောင် ရွာသွန်းခဲ့လို့ ဂူထဲက ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် ကယ်ဆယ်ရေးသမားတွေက သူတို့ရဲ့ပစ္စည်းတွေကို သယ်ပြီး နောက်ကိုပြန်ဆုတ်ပြီး မိုးအစဲကို စောင့်နေခဲ့ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမယ့် ကယ်ဆယ်ရေးသမားတွေက မိုးစဲတာနဲ့ မျှော်လင့်ချက်အပြည့်နဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ပြန်လည်ဆောင်ရွက်ခဲ့ကြ၊ တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ကလေးတွေ ခုချိန်ထိ အသက်ရှင်နေကြဆဲဖြစ်တယ်လို့ ယုံကြည်နေကြဆဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးတာဝန်ရှိ ပုဂ္ဂိုလ်ပညာရှင်တွေကတော့ ကလေးတွေဟာ ဂူရဲ့ အနောက်ဘက် ပတ္တရားကမ်းခြေ လို့ခေါ်တဲ့ နေရာကို သွားမှာထက် ဂူဝရဲ့မြောက်ဘက်ကိုသွားဖို့ ရှေးရှုနိုင်တယ်လို့ ယူဆကြပါတယ်။ အဲဒီဂူရဲ့မြောက်ဘက် ဂူဝနဲ့ တစ်ကီလိုမီတာလောက် အကွာမှာရှိတဲ့ အခန်းလိုဖြစ်နေတဲ့နေရာမှာ ကလေးတွေအနေနဲ့ မြေသားအခြောက်ကို တွေ့နိုင်မယ်လို့ ယူဆကြပါတယ်။ ခုလောလောဆယ်မှာ အဓိက ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ နေရာဟာ ဂူဝရဲ့အနောက်ဘက်ကို ဦးတည်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပုလိပ်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ဝီရချိုင်းကတော့ ဒေသခံတွေရဲ့ပြောကြားချက်အရ ဂူရဲ့မြောက်ဘက်မှာ မီတာ ၆ဝ လောက်မြင့်ပြီး မီတာ၂ဝ လောက်ကျယ်တဲ့ အခန်း ၁ ခန်းရှိနေပြီး ကယ်ဆယ်ရေးသမားတွေ အာရုံထား အဓိက ရှာဖွေနေတဲ့နေရာဖြစ်လာပါပြီ။ သူတို့က အဲဒီအခန်းမှာ ဂူမျက်နှာကျက် အကွဲကြောင်းတခု ရှိနိုင်တယ်လို့ ထင်ထားပါတယ်။ အရေအတွက် ၁၃၂ ယောက်ရှိတဲ့ ပုလိပ်အဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးသမားတွေကို အုပ်စု ၄ ခုခွဲလိုက်ပြီး ဂူဧရိယာကို သီးခြားစီခွဲ စူးစမ်းလေ့လာကြတာပါ။ တဖွဲ့က ဂျီပီအက်စ် စနစ်သုံးပြီး တောင်တန်းပေါ်က နေရာတွေကို လေ့လာကြည့်ရှုကြပါတယ်။ ဒေသခံတွေ ဦးဆောင်တဲ့ နောက်တဖွဲ့ကတော့ သူတို့ဟာ ဂူမျက်နှာကြက်အကွဲကြောင်းကို တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်တဖွဲ့ကတော့ တောင်ကုန်းရဲ့ လေကွယ်ဘက်က စွတ်စိုနေတာတွေ့လို့ ရေညှိတက်နေတဲ့ ကျေက်တောင်စွယ်ကို တက်ပြီး လေ့လာကြည့်ရှုခဲ့ကြပါတယ်။ အဲဒီလိုလေ့လာကြည့်ရှုမှုအတွင်းမှာ ဂူမျက်နှာကြက် အကွဲကြောင်း ၃ ခုကို တွေ့ရှိခဲ့ရတယ်လို့လည်း ပြောခဲ့ပါတယ်။ အက်ကွဲကြောင်း ၂ ခုကတော့ ပိတ်နေပြီး တတိယ အကွဲကြောင်းကိုတော့ ဒရုန်းသုံးပြီး လေ့လာကြည့်ရှုမယ်လို့ ဆိုပါတယ်။ အဲဒီလို ကယ်ဆယ်ရေးအဖွဲ့တွေ မြောက်ဘက်ကို လမ်းကြောင်းပြောင်းရှာဖွေကြတာဟာ ဗုဒ္ဓဟူးနေ့ညနေက ရောက်ရှိလာခဲ့တဲ့ ဗြိတိသျှ ဂူကျွမ်းကျင်သူ ၃ ယောက်ရဲ့ အကြံပေးချက်ကြောင့်လို့လည်း မီဒီယာကဖော်ပြပါတယ်။ တချို့ လူမှုကွန်ရက် အသုံးပြုကြသူတွေကလည်း ကလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာဟာ ဂူဝကို ပိတ်နေတဲ့ ရေမျက်နှာပြင်မြင့်တက်လာတာကနေ လွတ်ရာရှာဖို့ မြောက်ဘက်ကို ဦးတည်မှာပဲလို့ ယူဆကြပါတယ်။ အဲဒါဆိုရင် သူတို့ ဖာမီးဆိုတဲ့ တောင်ဘက်ရောက်မှာဖြစ်ပြီး သူတို့အတွက် ခြောက်သွေ့တဲ့မြေပြင်ကို ရနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ကဆက်ဆတ် တက္ကသိုလ်က ဘူမိနည်းပညာ အင်ဂျင်နီယာ ဆုထီဆတ်ဆိုရာလမ် ကတော့ “လွန်ဖောက်ကရိယာကိုတော့ ထမ်လောင်ဂူရဲ တောင်နံရံကို ၁ဝ-၁၂ စင်တီမီတာအပေါက်တွေဖောက်ဖို့ အသုံးပြုမှာပါ။ အဲဒီလိုဆိုရင် ဂူထဲကို ရှာဖွေကြည့်နိုင်ဖို့ အလင်းချောင်းတွေနဲ့ အသံဖမ်းရိယာတွေ ထည့်ပေးနိုင်မှာပါ။ အထဲကို မီတာ ၁ဝဝ လောက်ရောက်ဖို့ တရက်ကြာပါမယ်” လို့ပြောပါတယ်။ ပီတီတီ စစ်ဆေးရှာဖွေရေးနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီက ဂူရဲ့ပြင်ပတည်ဆောက်ပုံကို စူးစမ်းလေ့လာဖို့ ဒရုန်း ၂ ခုကို အသုံးပြုခဲ့ပြီး ရရှိလာတဲ့ သတင်းအချက်အလက်ကို ဘယ်နေရာမှာ လွန်ဖောက်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အသုံးပြုမှာဖြစ်ပါတယ်။ အဲဒီဒရုန်းတွေမှာ ၃ဝ အိပ်ဆ်ခ် မြင်ကွင်းချဲ့ မှန်ဘီလူးနဲ့အပူ အာရုံခံကိရိယာတွေ တပ်ဆင်ထားခဲ့ပြီး သုံးဘက်မြင် ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်ပါတယ်။ ထိုင်းအင်ဂျင်နီယာ အင်စတီကျု ဥက္ကဋ္ဌ သနီးဝီရာဆီရိကတော့ ဒွိုင်ဖာမီးနားက ဂူမျက်နှာကြက်ကွဲကြောင်းတွေကို လေ့လာကြည့်ရှုဖို့ စီစဉ်ထားပြီး ဂူထဲကို အရင်က ဝင်ရောက်စူးစမ်းကြည့်ရှုဖူးသူတွေက ဂူမျက်နှာကြက်ဆီကို တက်ဖို့ မတ်စောက်တဲ့ ကုန်းလျှောတခုရှိတယ်လို့ ပြောကြတော့ အက်ကွဲကြောင်းတွေဟာ ဘယ်လောက်ကျယ်ပြီး ချဲ့လို့ ရနိုင်မလားဆိုတာကို ဒရုန်းတွေလွှတ်ပြီး ကြည့်ရှုစစ်ဆေးနေပြီလို့ ပြောကြားပါတယ်။ သူကပဲ ပတ္တရား ကမ်းခြေလို့ခေါ်တဲ့ နေရာနားက ထမ်လောင်ဂူရဲ့ ဘယ်ဘက်ခြမ်းကို ထောင့်ဖြတ်လွန်ဖောက်ဖို့ ကြိုးစားကြဦးမယ်လို့လည်း ပြောပါတယ်။ ပျောက်နေတဲ့ ကလေးတွေဟာ အဲဒီခြောက်သွေ့တဲ့မြေပြင်မှာ အကူအညီကို စောင့်နေလိမ့်မယ်လို့ သူတို့က ယူဆထားကြပါတယ်။ ဂူကိုမဖောက်ခင်မှာ ကျောက်သားဖွဲ့စည်းပုံကို စစ်ဆေးဖို့ လျှပ်စစ်သံလိုက်လှိုင်းကို အသုံးပြုမှာဖြစ်ပါတယ်။ ပကတိ အခြေအနေအရတော့ ဗုဒ္ဓဟူးနဲ့ကြာသပတေးမနက် ၅ နာရီကြာ ရွာသွန်းခဲ့တဲ့မိုးကြောင့် အခန်း ၄ ခန်းပါရှိပြီး ၁ဝ ကီလိုမီတာရှည်လျှားတဲ့ ထမ်လောင်ဂူရဲ့ ပင်မဝင်ပေါက်အထိ ရေကရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဂူအပြင်မှာတော့ ပုလိပ်တပ်ဖွဲ့ဝင် ၁၃၂ ယောက်က အနံ့ခံခွေးတွေနဲ့ ဂူထဲကို ဝင်နိုင်မယ့် တခြားအပေါက်တွေကို ကြိုးစားရှာဖွေနေကြသလို ဟာဝိုင်ရီကလာတဲ့ အမေရိကန် အထူးကျွမ်းကျင်သူ ၃၂ ယောက်ကလည်း ကလေးတွေကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ဖို့ မျော်လင့်ချက်နဲ့ ဂူထဲကို လွန်နဲ့ဖောက်ဖို့ စဉ်းစားနေကြပါတယ်။ ထိုင်းတော်ဝင်ရေတပ် အထူးတပ်ဖွဲ့ဝင်တယောက်ကလည်း ရေကျသွားတာနဲ့ နောက်တကြိမ် ကယ်ဆယ်ရေးထပ်လုပ်ဖို့ ရေငုပ်သမားတွေ အဆင်သင့်ရှိနေကြပြီလို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ၆ ရက်မြာက်နေ့မှာတော့ ဒရုန်းဓာတ်ပုံအရ ဂူထဲကို ဆင်းလို့ရနိုင်တယ်လို့ ယူဆရတဲ့ အပါက်တပေါက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအပေါက်ပြွန်လမ်းကြောင်းဟာပဲ ဂူထဲကိုဆင်းဖို့ အလားအလာအရှိဆုံးလို့ ယူဆပြီး ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။ ဂျီပီအက်စ်ရဲ့ပြဆိုချက်အရ ဒီအပေါက်ဟာ ဂူရဲ့ပင်မအခန်းကြီးရဲ့အထက် မီတာ ၆ဝ လောက်မှာ ရှိတယ်လို့ ဆိုပါတယ်။ လေထီးစစ်သည်တွေကတော့ ပထမ ၁၁ မီတာအထိ ဆင်းပြီး မြေညီရောက်တဲ့အခါ နောက် ၁၁ မီတာအထိ ဆင်းနိုင်ခဲ့လို့ ခုဆောင်းပါးရေးနေတဲ့ အချိန်မှာ ၂၂ မီတာအထိ ဂူထဲကို ဆင်းနိုင်ခဲ့ပါပြီ။ ဂူရဲ့ပင်မအခန်းအထိဆင်းဖို့ နောက် မီတာ ၄ဝ လောက် ဆင်းရပါလိမ့်မယ်။ အဲဒီပင်မခန်းထဲမှာ ကလေးတွေ ရှိနေသေးရင်တောင် ကယ်ထုတ်ဖို့ အတော်ကြိုးစားယူရပါလိမ့်ဦးမယ်။ ကလေးမိဘတွေနဲ့အတူ သူတို့ကို အသက်ရှင်လျက် ကယ်ထုတ်ပေးနိုင်ဖို့ကိုပဲ ဆုတောင်းပေးကြရမှာပါပဲ။ မိဘတွေကတော့ ဂူရဲ့အပြင်ဘက်မှာ မင်းသမီးကို တောင်းပန် ဆုတောင်းပွဲတွေ လုပ်ခဲ့ကြတာကို တာဝန်ရှိသူတွေက ခွင့်ပြုထားပြီး မီဒီယာတွေကလည်း ဖော်ပြခဲ့ကြပါတယ်။ တကယ်တော့ ဒီဂူကလည်း ဒဏ္ဍာရီလာရှိပါတယ်။ ဒဏ္ဍာရီလာအရ တရုတ်ပြည် ဆစ်ဆောင်ပန်နား ဆိုတဲ့ဒေသက ရှေးဘုရင်တပါးရဲ့ သမီးတော်နဲ့ မြင်းထိန်းလုလင်တယောက် ချစ်ခင်မိကြ၊ မင်းသမီးမှာ ကိုယ်ဝန်ရလာချိန်မှာ ဘုရင်က ဒေါသပေါက်ကွဲတော့ ချစ်သူ ၂ ယောက်ကြောက်ပြီး တောင်ဘက်ထွက်ပြေးကြပါသတဲ့။ နောက်တောတွင်း တနေရမှာပုန်းနေကြရင်း မင်းသမီးက ဆာလောင်လာလို့ မြင်းထိန်းက မင်းသမီးကို တနေရာမှာ ပုန်းခိုင်းပြီး သူက အစာရှာထွက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖခင် ဘုရင်ကဖမ်းဖို့ လွှတ်လိုက်တဲ့ စစ်သည်တွေက မြင်းထိန်းကို မိသွားပြီး သတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ မင်းသမီးကိုပါ ဖမ်းမိသွားပြီး ဖခင်ဘုရင်ကြီးဆီကိုခေါ်သွားဖို့ ပြင်နေတုန်း သူ့ချစ်သူ အသတ်ခံလိုက်ရပြီဆိုတာသိသွားတဲ့ မင်းသမီးက သူ့ခေါင်းမှာထိုးထားတဲ့ ဆံထိုးနဲ့ သူ့လည်မျိုကိုထိုးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ရှာလို့ နေရာတင်ပဲ သေဆုံးခဲ့ရတယ်လို့ ဒဏ္ဍာရီက ဆိုပါတယ်။ အဲဒီနောက် မင်းသမီးကိုယ်က ထွက်တဲ့ သွေးတွေက အခုတာချီလိတ်နဲ့မယ်ဆိုင်ကြားမှာ စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်းဖြစ်လာ၊ သူလဲကျသွားတဲ့ နေရာမှာတော့ ဒွိုင်နန်းနောင်း (မင်းသမီးလဲလျှောင်းတောင်) တောင်တန်းကြီး ဖြစ်လာပါတယ်တဲ့။ တောင်တန်းကလည်း တကယ်ပဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် လဲလျှောင်းနေတဲ့ပုံပါပဲ။ တောင်တန်းအောက်က ခုကလေးတွေဝင်သွားတဲ့ လိုဏ်ဂူကတော့ မင်းသမီးရဲ့ မွေးလမ်းကြောင်းဖြစ်ပါသတဲ့။ အဲဒီဒဏ္ဍာရီကတော့  apyolay.com ကဖော်ပြထားတာကို ပြန်ရေးပြလိုက်တာပါ။ ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024