Home
မြန်မာသတင်း
ကနီမြို့နယ်တွင် ရွာသားများနှင့် ထိပ်တိုက်တွေ့နေသည့် ရဲတပ်ဖွဲ့ဝင်များ ပြန်ထွက်ခွာ
DVB
·
June 28, 2018
36291414_815159905355673_3910092884308656128_o
36249869_815160305355633_806887676174139392_o
36239649_815160158688981_3412948903673200640_o
36234503_815160078688989_3945919431317651456_o
35991312_815159895355674_7759228178253479936_o
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ အင်တိုင်းတောကျေးရွာမှာ လုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ ဒေသခံတောင်သူတွေအကြား ထိပ်တိုက်တွေ့ဆုံ တင်းမာမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ပြန်ထွက်ခွာသွားလို့ ဒေသခံတွေလည်း လူစုခွဲသွားခဲ့ပါတယ်။ ဇွန်လ ၂၇ ရက် မနက်ပိုင်းက စတင်ကာ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေး မိုင်တိုင်အမှတ် ၃၃ အနီးမှာ ယင်းမာပင်ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း လာရောက်တဲ့ တရားရေးဌာနတာဝန်ရှိသူကို ဒေသခံတွေက တားမြစ်ထားတာကြောင့် လုံခြုံရေးလိုက်ပါ ဆောင်ရွက်ပေးတဲ့ ကနီမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ အချိန်အတော်ကြာ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။ နေ့လယ်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ အပါအဝင် တရားရေးဌာန တာဝန်ရှိသူ၊ သစ်တောဌာန တာဝန်ရှိသူတွေက ပြန်သွားတဲ့အတွက် ဒေသခံတွေလည်း လူစုကွဲသွားခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံရာမှာ ဒေသခံတွေဘက်က မြေပြင်မှာရှိတဲ့ သဲတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို  ပက်တာတွေ ရှိခဲ့သလို ဒေသခံတွေထဲက မစန်းအေးဆိုသူ အမျိုးသမီးရဲ့ ရင်ဘတ်ကို လက်သီးနဲ့ ထိုးခံခဲ့ရတာရှိလို့ ဘယ်လို ဖြေရှင်းပေးမလဲ ဆိုပြီးတော့ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဒေသခံတွေကို လမ်းဖယ်ပေးကြဖို့ လက်ကိုင် အသံချဲ့စက်နဲ့ ၃ ကြိမ်အထိ သတိပေးခဲ့ပြီး အခုဖြစ်စဉ်မှာ ဦးဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့အကြီးအကဲကတော့ အထက် အဆင့်ဆင့်ကို တင်ပြပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ကနီမြို့နယ်ရဲတပ်ဖွဲ့မှုး ယာယီရဲမှုး ကိုကိုအောင်က “ကျနော်တို့က ဘိလစ်စာရေးရဲ့ လုံခြုံရေးကို လိုက်ပါဆောင်ရွက်ပေးတာဖြစ်တယ်။ တရားရုံးက ဘယ်လို ဆက်ပြီး ဆောင်ရွက်မလဲ ဆိုတာတော့ မသိဘူး။ သူတို့ လုပ်တဲ့အပေါ် မှာတော့ လုံခြုံရေး ဆောင်ရွက်ပေးရမှာပါ။ အထက်တင်ပြပြီး လိုအပ်ရင် ဆက်လုပ်ရမှာပါ။ ကျနော်တို့က လုံခြုံရေးအရ လိုက်ပါဆောင်ရွက်ပေးတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ ဒါမျိုး မလုပ်သင့်ဘူးပေါ့။ ချမှတ်ထားတဲ့ ဥပဒေအမိန့်အပေါ်မှာ လိုက်နာရင်တော့ အများကြီး ကောင်းသွားမှာပေါ့”လို့ ပြောပါတယ်။ အခင်းဖြစ်ပွားရာ နေရာတွေက လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကာလတွေကတည်းက တင်ဝင်းထွန်းကုမ္ပဏီကနေ ကြက်ဆူစီမံကိန်းအတွက်ဆိုပြီး ဒေသခံတောင်သူတွေထံကနေ ဧက ထောင်ချီ သိမ်းဆည်းခံခဲ့ရတဲ့နေရာတွေဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုအဆင့် သစ်တောဝန်ကြီးဌာနကနေ ပြန်လည်တိုင်းထွာပြီး စာချုပ်အသစ်ချုပ်ဆိုဖို့ အမိန့်ညွှန်ကြားစာ ထွက်ရှိခဲ့ပါတယ်။ စာချုပ်အသစ်မှာလည်း အစုအဖွဲ့ပိုင်သစ်တောအဖြစ်နဲ့ ပြန်လည်ချုပ်ဆို ပေးအပ်ဖို့ ပါရှိတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကပြောပါတယ်။ “သစ်တောက ညွှန်ကြားစာထွက်ပြီး မြို့နယ်သစ်တော၊ ကျနော်၊ မြို့နယ်မြေစာရင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ ထွေအုပ်၊ ဒေသခံတွေနဲ့ တိုင်းတဲ့အခါမှာ တင်ဝင်းထွန်းကုမ္ပဏီက ၁၉၆.၂၅ ဧက ရှိတယ်။ ကျန်တဲ့ ဧက ၂၈ဝဝ ကျော်က တောင်သူတွေ။ အဲဒါကို စာချုပ်ပြင်ဆင်ချုပ်ဆိုပြီး နှစ် ၃ဝ အငှားစာချုပ်နဲ့ အစုအဖွဲ့ပိုင်သစ်တော စိုက်ပျိုးဖို့ ပေးမှာပေါ့။ အဲဒါကို တောင်သူတွေက လက်မခံနိုင်ဘူး။ သက်ဆိုင်ရာကလည်း စာချုပ်ပြင်ဆင်ချုပ်ဆိုရင် တောင်သူ ၉ ဦး တရားစွဲခံထားရတာကိုလည်း ပလပ်သွားမယ်ပေါ့။ သူတို့လိုချင်တာက ပုံစံ ၇ လိုချင်တာ ဖြစ်နေတာ။ အစုအဖွဲ့ပိုင် သစ်တော ဆိုတာကို လက်မခံနိုင်ဘူး။ သစ်တောကြိုးဝိုင်းအတွင်းမှာ ဖြစ်နေတဲ့အတွက် ပုံစံ ၇ ကလည်း မဖြစ်နိုင်ဘူး။ တောင်သူတွေက အစုအဖွဲ့ပိုင်သစ်တော လက်ခံလိုက်ရင် ဒီပြဿနာမဖြစ်နိုင်ဘူးလို့ မြင်ပါတယ်” အမှုမှာ တောင်သူ ၉ ဦးကို တရားစွဲဆိုထားပေမယ့် အခုအမိန့်ချတာကတော့ အားလုံးကို မဟုတ်သေးပါဘူး။ ယင်းမာပင်ခရိုင်တရားရုံးက ဇာရီမှုအမှတ် ၁/ ၂ဝ၁၃ ခုနှစ် တရားမကြီး အမှုအမှတ် ၅ နဲ့ တင်ဝင်းထွန်းကုမ္ပဏီနဲ့ တဘက်က ဦးချစ်ဦးပါ ၆ ဦးတို့အမှုကို ၅ နှစ်လောက်ကြာ  စစ်ဆေးခဲ့ပြီး တင်ဝင်းထွန်းကုမ္ပဏီက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ တရားစွဲခံရတဲ့ တောင်သူ မဇင်မာဝင်းက “ကျမတို့ဆီကို ခရိုင်တရားရုံးကနေ လက်ရောက်အပ်စေမှုဆိုပြီး စာထွက်လာတယ်။ ကျမတို့က နိုင်ငံတော်မြေလုပ်တာ၊ တင်ဝင်းထွန်း ကုမ္ပဏီမြေ လုပ်တာ မဟုတ်တဲ့အတွက် မပေးနိုင်ဘူး။ ကျမတို့က ဗိုလ်ချုပ်စိုးဝင်းလက်ထက်ကတည်းက မရှိဆင်းရဲနွမ်းပါးတဲ့သူတွေ လုပ်စားချင်တဲ့သူတွေ စာရင်းပေးလို့ တောင်းလို့ စာရင်းပေးပြီး လုပ်တော့လို့ပြောလို့ လာလုပ်ခဲ့တာ။ လွန်ခဲ့တဲ့ ၁၉၉၉ လောက်ကတည်းက။ အခုကျတော့ တင်ဝင်းထွန်း ကုမ္ပဏီကနေ ပေ ၃ဝ လမ်းကြီးတွေ လာဖောက်တယ်။ နားမလည်တော့ သီးနှံလျော်ကြေးတွေ ပေးပါမယ်ဆိုတော့ ဒီတိုင်းနေလိုက်တယ်။ အချိန်တန်တော့ သွားတောင်းတော့ ပေးမယ် မပြောဘူး လုပ်တယ်။ အဲဒါနဲ့ အားလုံးက လမ်းကို ထယ်ထိုးပြီး စိုက်လိုက်တယ်။ အဲဒါကနေ တရားမမှုနဲ့ တောင်သူတွေ တရားစွဲခံရတာ။ ဒါကို လာလုပ်တာ။ ကျမတို့က ကုမ္ပဏီကို မပေးနိုင်ဘူး။ နိုင်ငံတော်က သိမ်းမယ်။ အများအတွက် အကျိုးရှိမယ်ဆိုရင် လုပ်လိုက်။ လက်ခံတယ်။ နိုင်ငံတော်က ပြည်သူလူထုကိုပဲ ငဲ့မှာလား။ ပိုက်ဆံရှိသူဌေး တဦးတည်းကိုပဲ ငဲ့မှာလား။ သိချင်တယ်”လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေရဲ့ ကိုင်တွယ်မှု၊ ဒေသခံ တောင်သူတွေကို ဦးဆောင်နေသူအချို့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်တာတွေရှိနေသလို နောက်ထပ် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024