Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စစ်ဘက်အရာရှိကြီး ၂ ဦးကို တပ်မတော်အရေးယူ
DVB
·
June 26, 2018
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးကိုင်တွယ်ရာမှာ အားနည်းချက်ရှိခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးတဦးကို တပ်မတော်က ရာထူးက နုတ်ထွက်ခွင့်ပြုလိုက်ပြီး ဗိုလ်ချုပ်အဆင့် အရာရှိကြီးတဦးကိုတော့ ရာထူးကနေ  ထုတ်ပယ်လိုက်ပါတယ်။ ၂၀၁၇ သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ်အတွင်း ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေအပေါ် ကွပ်ကဲကြပ်မတ်မှု အားနည်းတဲ့အတွက် တပ်မတော်ပိုင်းဆိုင်ရာ အရေးယူမှု ပြုလုပ်ခဲ့တာလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဇွန် ၂၅ ရက်က ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိကတာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ရတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ချက်တွေမှာ အားနည်းချက်ရှိနေလို့ တာဝန် ဆက်လက်ထမ်းဆောင်ခွင့် ရပ်နားခဲ့တာလို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ ကြည်း-၁၉၅၇၁ ဗိုလ်ချုပ်မောင်မောင်စိုးကို ၂၀၁၇ နိုဝင်ဘာ ၁၀ ရက်မှာ တိုင်းမှူးအဖြစ်ကနေ တပ်မတော်ရဲ့ အရန်အင်အားစာရင်း တင်သွင်းခဲ့ပြီး တိုင်းမှူးတာဝန် ထမ်းဆောင်စဉ် ၂၀၁၆ စက်တင်ဘာ ၂၆ ရက်ကနေ အရန်စာရင်းတင်သွင်းတဲ့ ၂၀၁၇ နိုဝင်ဘာ ၁၀ ရက်အထိ ကာလအတွင်း ဆောင်ရွက်ခဲ့မှု မှတ်တမ်းတွေကို စိစစ်ခဲ့တယ်လို့ ဆိုပါတယ်။ စိစစ်ရာမှာ မူလ တိုင်းမှူးတဦးရဲ့ တာဝန်ဝတ္တရားတွေအပေါ် မူဝါဒနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတွေမှာ သာမန်အချိန်အတွင်း ဆောင်ရွက်နိုင်မှု အားနည်းချက် မတွေ့ရှိရပေမယ့် ၂၀၁၆ အောက်တိုဘာလ ၉ ရက်ဖြစ်စဉ်၊ ၂၀၁၇ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ဖြစ်စဉ်တွေအတွင်း ဆောင်ရွက်ချက်တွေမှာတော့ အားနည်းချက်တွေ ရှိခဲ့တာ တွေ့ခဲ့ရတယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ခုလို ဖော်ပြထားပါတယ်။ “ဘင်္ဂါလီအကြမ်းဖက်သမား အများစုနှင့် ARSA ဘင်္ဂါလီအကြမ်းဖက်သမားများ အပါအဝင် ဘင်္ဂါလီ အကြမ်းဖက် လူအုပ်စုကြီးများက ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် ပတ်သက်၍လည်းကောင်း၊ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သား၊ မိသားစုဝင်များနှင့် ပတ်သတ်၍လည်းကောင်း၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ အင်အားသုံး၍ ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်နေမှုအပေါ် သတင်းလက်ဦးမှု ရယူ၍ လိုအပ်သလို စီမံဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ ချပြသတင်းအပေါ် လက်အောက်ခံ တပ်၊ ရဲ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် နယ်မြေရှင်းလင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ လက်တွေ့အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားရာတွင် နယ်မြေအတွင်းရှိ တပ်၊ ရဲများအား လိုအပ်သလို အချိန်မီ အကူအညီရရှိရေး၊ လုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများ စီမံနိုင်ခဲ့သော်လည်း ကြိုတင်စီမံရန် အားနည်းခြင်း စသည့် အရေးပေါ်အချိန် တာဝန်ထမ်းဆောင်မှု၌ တာဝန်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အရန်အင်အားစာရင်း တင်သွင်းထားသည့် ကြည်း-၁၉၅၇၁ ဗိုလ်ချုပ်မောင်မောင်စိုးအား ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၅ ရက် ယနေ့တွင် တပ်မတော်မှ နုတ်ပယ်လိုက်ကြောင်း” တပ်မတော် သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။ အလားတူ ရခိုင်ပြည်နယ် ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇောဟာလည်း အထက်ဌာနတွေရဲ့ မူဝါဒတွေကို အနီးကပ် ကြပ်မတ်ဆောင်ရွက်ဖို့ တာဝန်ပေးအပ်ထားတဲ့အပေါ် စီမံဆောင်ရွက်ရာမှာ လိုအပ်ချက်တွေရှိခဲ့ပြီး အထိုက်အလျောက် တာဝန်ရှိတဲ့အပြင် အရာရှိကြီးရဲ့ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုကြောင့် မူလပေးအပ်ထားတဲ့ တာဝန်မှ တခြားတာဝန်တခုသို့ လွှဲပြောင်းထမ်းဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇောအနေနဲ့ ကျန်းမာရေး ပိုမိုအားနည်းလာတာကြောင့် တာဝန်ထမ်းဆောင်မှုအပိုင်းမှာ အားနည်းချက်တချို့ကို ထပ်မံတွေ့ရှိရပြီး ဆန္ဒအလျောက် နုတ်ထွက်ခွင့် တင်ပြလာလို့ ၂၀၁၈ မေလ ၂၂ ရက်မှာ တပ်မတော်က နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနဲ့ ဗိုလ်ချုပ် မောင်မောင်စိုးတို့ အပါအဝင် တပ်မတော် အရာရှိ ၇ ဦးကို  ဥရောပသမဂ္ဂ အီးယူက ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း ကြေညာတဲ့နေ့နဲ့ တရက်တည်းမှာပဲ တပ်မတော်ကလည်း အရာရှိကြီးနှစ်ဦးကို အရေးယူလိုက်တဲ့သတင်း အချိန်ကိုက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024