အမေရိကန် နယ်မြေလုတိုက်ပွဲများကြားက ပုံတူပန်းချီဆရာမတဦး-ရုပ်ရှင် (နမူနာ)

၁၉ ရာစုကာလမှာ အမေရိကန်နိုင်ငံရဲ့ နယ်မြေလုတိုက်ပွဲတွေကြားက ပုံတူ ပန်းချီဆရာမတဦးအကြောင်း ပုံဖော်ရိုက်ကူးထားခဲ့တဲ့ Woman Walks Ahead အမည်ရတဲ့ ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကတော့ အမေရိကန် အတ္ထုပ္ပတ္တိ ဒရာမာရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဗြိတိန် အမျိုးသမီးဒါရိုက်တာ ဆူဆန်နာဝှိုက်တ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလက ဆွစ်-အမေရိကန် အမျိုးသမီးတဦးဖြစ်တဲ့ ကာရိုလိုင်း ဝဲလ်ဒန်ဟာ ပုံတူပန်းချီဆရာမတဦးဖြစ်ပြီး သူဟာ Sitting Bull လို့ ခေါ်ကြတဲ့ လာကိုတာ လူမျိုးစုခေါင်းဆောင်ရဲ့ ပုံတူပန်းချီဆွဲဖို့ ခရီးထွက်ခဲ့တယ်။ အဲဒီအချိန်မှာ သူတို့လူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွင်းမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့အချိန် ဖြစ်နေတယ်။ ဒီပဋိပက္ခတွေထဲမှာ ကာရိုလိုင်း ဝဲလ်ဒန်က ကူညီရင်းနဲ့ ဒီအရှုပ်အထွေးတွေကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဒရာမာပုံစံနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ကာရိုလိုင်း ဝဲလ်ဒန် နေရာမှာတော့ အမေရိကန်မင်းသမီး Jessica Chastain က ပါဝင်သရုပ်ဆောင်ထားပြီး လာကိုတာ လူမျိုးစုခေါင်းဆောင် Sitting Bull နေရာမှာတော့ ကနေဒါမင်းသား Michael Greyeyes က ပါဝင်သရုပ်ဆောင်ထားကာ တခြားသရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ Sam Rockwell နဲ့ Chaske Spencer တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကို မနှစ်က Toronto International Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာ English, Lakota ဘာသာစကားတွေ အသုံးပြုထားပြီး ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ Rated R အဆင့် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁ဝ၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် ဇွန်လ ၂၉ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up