ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ရှေးဟောင်းဝပ်ဆိုင်မွန်း မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ ယာယီကျောင်းထိုင်ဆရာတော်အဖြစ် ထိုင်းဆရာတော်တပါးကို ဒီနေ့ အပ်နှင်းရာမှာ မြန်မာတွေက ဝိုင်းဝန်းကန့်ကွက်ကြတဲ့အတွက် ထိုင်းဘက်က ယာယီ အလျှော့ပေးလိုက်ပါတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် သီရိထက်စံက “ထပ်တွေ့မယ့်ရက်ကို ထိုင်းအာဏာပိုင်တွေက အကြောင်းကြားလာမယ်။ ဗမာအဖွဲ့ဘက်က ကိုယ်စားလှယ် ၅ ယောက်လာရမယ်။ သူတို့နဲ့လာပြီး ထပ်ပြီး ဆွေးနွေးပါလို့ ပြောတယ်။ အခုလောလောဆယ်ကတော့ ယာယီကျောင်းထိုင်ကို သူတို့ဟာ သူတို့ ပြန်ခေါ်သွားပြီ” လို့ ပြောပါတယ်။
ဒီနေ့ ကျောင်းဝင်းအတွင်း နှစ်ဖက် အချေအတင်ဖြစ်ခဲ့တာကြောင့် ထိုင်းရဲလုံခြုံရေးတချို့ ရောက်ရှိ စောင့်ကြပ်ခဲ့ပါတယ်။
ဝပ်ဆိုင်မွန်းကျောင်းဟာ ဘုရင့်နောင် ချင်းမိုင်ကို သိမ်းပိုက်စဉ်တုန်းက တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၄၅၀ ကျော်ခန့် မြန်မာဗိသုကာလက်ရာတွေ တည်ရှိနေတာ ဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာတော်ပေါင်း ၁၈ ဆက် ပြောင်းလဲခဲ့ပြီး လွန်ခဲ့တဲ့လအနည်းငယ်က အသက် ၉၀ ကျော် မြန်မာကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ပြီးနောက် ထိုင်းနိုင်ငံက သိမ်းယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဒီနေ့မွန်းလွဲမှာ ထိုင်းဘုန်းကြီးကို ကျောင်းပေါ်တက်ပြီး ခန့်လိုက်တဲ့အတွက် အဲဒီကျောင်းမှာ ကြိုရောက်ကြတဲ့ မြန်မာတွေက မေးတဲ့အခါ မဖြေတာကြောင့် အခမ်းအနားပြီးတဲ့အခါ ဝိုင်းကန့်ကွက်ခဲ့ကြတဲ့အတွက် နောက်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
သီရိထက်စံက “အဓိကပွိုင့်ကျတာကတော့ ထိုင်းတွေက ထိုင်းဥပဒေအရ ဗမာ ဘုန်းကြီးပျံလွန်တော်မူရင် သူတို့သိမ်းတယ်လို့ပြောတယ်။ အဲဒီမှာ ဒကာတွေဘက်က ပြန်ပြောတာက လူလုပ်တဲ့ဥပဒေက ဒီလိုရှိတယ်။ ဘုရားမိန့်ထားတဲ့ ဥပဒေထဲမှာ ဒကာတွေက လိုလိုလားလား ပင့်ဖိတ်တာမရှိဘဲနဲ့ သံဃာတော်က ဒီကျောင်းပေါ်လာနေလို့ရှိရင် ဒုတိယပါရာဇိကကျတယ်။ အဲဒါကို မလိုက်နာဘူးလား”လို့ ဆိုပြီး မြန်မာဒကာတွေက ပြန်လည်မေးခွန်းထုတ်ခဲ့တယ်လို့ ပြောပါတယ်။
မြို့နယ်နဲ့ရပ်ကွက်အဆင့်က ခန့်အပ်တာဖြစ်ပြီး ခရိုင်ဆရာတော်က ယာယီကျောင်းထိုင်ခန့်မယ့်ကိစ္စကို သူ့ကို အသိမပေးဘူးလို့ မနေ့က မြန်မာတွေ မေးမြန်းလျှောက်ထားရာမှာ မိန့်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာတွေကလည်း ဘုရင့်နောင်လက်ထက်ကတည်းကတည်ခဲ့တဲ့ မြန်မာကျောင်းကို မြန်မာတွေပဲ ဆက်လက်ကျောင်းထိုင်ခွင့်ရရေး ကြိုးပမ်းနေပါတယ်။
မြန်မာဒကာတွေက ဒီကျောင်းမှာ မြန်မာဘုန်းကြီးတပါးပါး ဆက်လက် ကျောင်းထိုင်ခွင့်ရရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တွေထံ နှစ်ကြိမ်တင်ပြထားပြီး ဖြစ်တယ်လို့ ပါဝင်ဆောင်ရွက်သူတွေက ပြောပါတယ်။
နှစ်ပေါင်း ၄၅၀ ကျော်သက်တမ်းရှိတဲ့ ဝပ်ဆိုင်မွန်းကျောင်းဟာ မြန်မာလူမျိုးတွေအတွက်သာမက ထိုင်းလူမျိုးတွေအတွက်ပါ သမိုင်းယဉ်ကျေးမှု အမွေအနှစ်တခု ဖြစ်ပါတယ်။
ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်ဟာ ၁၅၅၈ ခုနှစ်မှာ လန်းနားဘုရင့်နိုင်ငံ ချင်းမိုင်ကို သိမ်းပိုက်ပြီး ဝပ်ဆိုင်မွန်းဘုန်းကြီးကျောင်းကို တည်ထားကိုးကွယ်တယ်လို့ သမိုင်းမှတ်တမ်း ရှိပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/wat sai mon/]